အတုပတ္တိအကျဉ်း

ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ ကိုယ်ရေးအကျဉ်းချုပ်

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်နေ့တွင် မြန်မာတစ်ပြည်လုံး ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိသည်။ လွန်ခဲ့သော (၆၃) နှစ် ဤနေ့ဤအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်ပြပွဲကြီးကို ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပခဲ့သည်။ ပြပွဲပြိုင်ပွဲ ဆပ်ကော်မတီသဘာပတိက ဗိုလ်သိမ်းဆွေဖြစ်ပြီး၊ ဉက္ကဋ္ဌက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ဖြစ်သည်။ ထိုပြပွဲပြိုင်ပွဲတွင် ဗိုလ်ချုပ်ပုံတူရေးဆွဲမှုပြိုင်ပွဲလည်းကျင်းပခဲ့ရာ ရန်ကုန်မြို့၊ အမှတ် (၁၃၇)၊ (၂၇) လမ်းတွင်နေထိုင် သော ပန်းချီဦးစန်းလှိုင်က ဒုတိယဆုရခဲ့သည်။

ပန်းချီဆရာကြီးဦးစန်းလှိုင်ကို ၂၄ – ၁၂ – ၁၉၂၃ ခုနှစ်တွင် ဖျာပုံမြို့၊ မန်ကျည်းတန်းရပ်၊ ရှိမ်းပကားလမ်းတွင် မိဘဖြစ်သူ ဉီးခန့်၊ ဒေါ်တင့်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၇) ရောက်တွင် ပဉ္စမမြောက် သားရတနာဖြစ်သည်။

ဆရာကြီးဉီးစန်းလှိုင်သည် ဖျာပုံမြို့၊ ဆရာ ဉီးဖိုးသစ်ကျောင်းမှ အင်္ဂလိပ် – မြန်မာ (၇) တန်း အောင်ခဲ့သည်။ ငယ်တုန်းကပင် ပန်းချီဝါသနာပါခဲ့သည်။ သို့သော် မိဘများက နွမ်းပါသဖြင့် ပန်းချီဆွဲရန် ခဲတံ၊ စုတ်တံ၊ စက္ကူ၊ ဆေး စသည်တို့ကို မပူဆာခဲ့။ မိမိဆွဲချင်သောပုံများကို မြေပေါ်တွင်ပင် တုတ်ချောင်းဖြင့် ရေးလိုက် ဖျက်လိုက် ပြန်ရေးလိုက် ဖြင့် လေ့ကျင့်ခဲ့ရှာသည်။ ကြမ်းပြင်နှင့် သစ်သားချောင်းတွေမှာလည်း ပုံတွေရေးခြစ်ခဲ့၏။ ထို့နောက် ပန်းချီဆရာ ဆရာမှတ်ထံတွင် ပန်းချီပညာကို စတင်သင်ကြားခွင့်ရခဲ့သည်။

ထို့နောက် ဆရာဉီးသိန်းညွန့်ထံတွင် တပည့်ခံ၏။ ဆရာဉီးသိန်းညွန့်က ဆီဆေး၊ ရေဆေး နှစ်မျိုးစလုံး ကျွမ်းကျင်ပိုင်နိုင်ပြီး မြန်မာမှုကို အထူးနားလည်ပိုင်နိုင်သည်။ ထို့ကြောင့် ဉီးစန်းလှိုင်သည် ဆရာဉီးသိန်းညွန့်ထံမှ မြန်မာမှုအခြေခံကို ကောင်းစွာအမွေရခဲ့၏။ ရန်ကုန်မြို့တွင် ပန်းချီဆရာ ဦးငွေကိုင်နှင့် ဆရာဉီးလှမောင်ကြီးတို့ထံတွင် လည်း ပန်းချီပညာကို ဆက်လက်ဆည်းပူးခဲ့သည်။

၁၉၃၈ ခုနှစ်၊ အသက် ၁၅ နှစ် အရွယ်တွင် အစ်ကိုဖြစ်သူ၏ ဆက်သွယ်ပေးမှုဖြင့် ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီမှ ဉီးဘထွန်း၊ အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ ဉီးအောင်ဇံတို့နှင့်ဆက်သွယ်အပြီး ရုပ်ရှင်ပိုစတာ ကြော်ငြာပန်းချီ များကို ပန်းချီဆရာကြီး ဉီးခင်အုန်းထံတွင် ဆက်လက်သင်ကြားခဲ့၏။

ဆရာကြီးဉီးစန်းလှိုင်သည် အသက် (၁၃) နှစ် (၁၄) နှစ် အရွယ်မှစ၍ ပန်းချီရေးခြင်းမှ အခကြေးငွေ စတင် ရရှိ ခဲ့ပြီြဖစ်၏။ ထို့ပြင် မိဘများကို တဖက်တလမ်းမှ ကူညီလိုစိတ်ရှိသည်ကြောင့်လည်း ကြုံရာကျပန်းအလုပ်မျိုးကို လုပ်ပြီး ငွေရှာခဲ့၏။

“ကူလီလည်း ထမ်းဖူးတယ်၊ သတင်းစာလည်း ရောင်းဖူးတယ်၊ တစ်ည ငါးကျပ်လောက်ရှာနိုင်တော့ မိဘကို ထောက်ပံ့နိုင်တာပေါ့” ဟု ဆရာကြီးဉီးစန်းလှိုင် ပြောဖူးသည်။

ဆရာကြီးဉီးစန်းလှိုင်က စာဖတ်လည်း ဝါသနာပါ၏။ ငွေကြေး မတတ်နိုင်သဖြင့် ကိုယ်ပိုင်စာအုပ်မဝယ်နိုင်။ ထို့ကြောင့် စာကြည့်တိုက်များသို့သွားကာ စာကြည့်တိုက်မှူးနှင့် ရင်းနှီးခင်မင်အောင်လုပ်ကာ စာအုပ်များကို ငှားရမ်း ဖတ်ရှုခဲ့၏။

မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်မီး ကူးစက်လောင်ကျွမ်းလာသောအခါ ဖျာပုံ၌ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) တပ်ထဲသို့ ဝင်ခဲ့၏။ ၁၉၄၃ ခုနှစ်တွင် ရန်ကုန်စစ်ဝန်ကြီးရုံး၊ ကင်းတပ်ဖွဲ့တွင် အမှုထမ်းရ၏။ ၎င်းမှတဆင့် မင်္ဂလာဒုံလေ့ကျင့်ရေးတပ်ရင်း (၁) သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့၏။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပြောက်ကျားတပ်ရင်း (၁၀၀၁) တွင် ပါဝင်ခဲ့ကာ (၁၀၆) တပ်ရင်းတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ် မေလ (၁) ရက်တွင် ရန်ကုန်မြို့သိမ်းတိုက်ပွဲနှင့် စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲများတွင ပါဝင်ဆင်နွှဲသည်။ စစ်ကြီးပြီးတော့ ဖျာပုံပြန် ကာ ပန်းချီပြန်ဆွဲ၏။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်သို့ ပြန်ဝင်ခဲ့၏။ တစ်နှစ်မပြည့်တပြည့်တွင် တပ်မှ ပြန်ထွက်ပြန်၏။ ဗိုလ်ချုပ်အောင်ဆန်းဉီးစီးသည့် ပြည်သူ့ရဲဘော်ညွှန်ချုပ်နှင့်ဆက်သွယ်ကာ ဖျာပုံခရိုင် ပြည်သူ့ရဲဘော် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့၏။ ၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးနောက် တစ်လတွင် သောင်းကျန်းသူနှိမ်နှင်းရေးတပ်ရင်း (၂) မှ တပ်ရင်းမှူး ဗိုလ်မင်းရောင်မှခေါ်ယူ၍ တပ်ကြပ်ရာထူးဖြင့် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့လေသည်။ ထို့နောက် တပ်မှ အပြီးအပိုင်နှုတ်ထွက်ကာ ရန်ကုန်မြို့၊ ၂၇ လမ်းတွင် ‘စန်းလှိုင်’ အမည်ဖြင့် အချိန်ပြည့် ပန်းချီရေးဆွဲအသက်မွေးဝမ်းကျောင်းခဲ့၏။

လွတ်လပ်ရေးလှုပ်ရှားမှုဆောင်ရွက်ချက်များကြောင့် ၁၉၅၉ ခုနှစ် မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လွတ်လပ်ရေးမော်ကွန်းဝင် ချီးမြှင့်ခံရသူ ၁၉၁၃ ဉီးတွင် ဉီးစန်းလှိုင်က မော်ကွန်းဝင် ဒုတိယဆင့် ရခဲ့၏။

၁၉၄၅ ခုနှစ်တွင် ဒေါ်တင်အောင်နှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး (၈) ဉီး ထွန်းကားခဲ့သည်။

ပန်းချီဉီးစန်းလှိုင်၏ လက်ဉီးဆရာများ

ဆရာဦးစန်းလှိုင်၏ ပန်းချီပညာလက်ဉီးဆရာမှာ ဖျာပုံမှ ဆရာမှတ်ဖြစ်သည်။ ဆရာမှတ်သည် ဘုရားကား ရောင်စုံပန်းချီရေးဆွဲရာတွင် ထင်ရှားကျော်ကြားသူ ဆရာမြင့်၏ တပည့်ရင်းဖြစ်သည်။ ဆရာမြင့်သည် ‘ရွှေတိဂုံဘုရား ကျားတက်စဉ်’ မှန်ပန်းချီဖြင့် လူသိများ ထင်ရှားသူ ဆရာဉီးထွန်းလှနှင့် ခေတ်ပြိုင်ဖြစ်၏။

ဆရာ ဉီးစန်းလှိုင်၏ ဒုတိယဆရာက ဆရာဉီးသိန်းညွှန့်ဖြစ်သည်။ ဆရာဉီးသိန်းညွှန့်က မြန်မာမှုအထူး တတ်ကျွမ်းပိုင်နိုင်ပြီး ရေဆေးရော ဆီဆေးပါ ပိုင်နိုင်သူဖြစ်သည်။ ဆရာဦးသိန်းညွှန့်ထံမှ ဆရာဉီးစန်းလှိုင်သည် မြန်မာမှုပန်းချီကို ကောင်းစွာအမွေရခဲ့၏။ ဆရာဉီးသိန်းညွှန့်သွားရာနောက်သို့ ဉီးစန်းလှိုင်သည် ဆေးခွက်ထမ်းလိုက် ကာ ပညာရင်နို့သောက်စို့ခွင့်ရသည်မှာ ကံကောင်းလှ၏။

ဉီးစန်းလှိုင် အသက် (၁၅) နှစ်အရွယ် ၁၉၃၈ ခုနှစ်တင် အစ်ကိုဖြစ်သူခေါ်၍ ရန်ကုန်မြို့သို့ ရောက်ခဲ့၏။ နရန်ကုန် တွင် ပန်းချီပညာကို ပန်းချီဆရာ ဉီးခင်အုန်းထံတွင် သင်ယူခဲ့၏။ ထို့နောက် ပန်းချီဆရာကြီးဉီးငွေကိုင်နှင့် ဉီးလှမောင်ကြီး တို့ထံတွင် ပန်းချီပညာဆက်သင်၏။

ဆရာဉီးငွေကိုင်က Outline နှင့် ခဲခြစ်၊ မှင်ခြစ် ပန်းချီလက်ရာ အထူးကောင်းမွန်သည်ဖြစ်ရာ ဆရာဉီးစန်းလှိုင် က ဆရာ၏လက်ရာကို မီအောင် ကြိုးစားသင်ယူခဲ့သူဖြစ်၏။ ဆရာကြီး ဦးငွေကိုင် ပြင်ပသို့ အောက်ဒိုးထွက်တိုင်း ဉီးစန်းလှိုင်က လိုက်ပါကာ ပညာသင်ယူခဲ့သည်။ ဆရာကြီးဉီးငွေကိုင်က ဘာသာတရားအထူးကိုင်းရှိုင်းပြီး ဘာသာရေး ကားများကို ရေးဆွဲရာ ဉီးစန်းလှိုင်သည်လည်း ဘာသာရေးဆိုင်ရာ ဗုဒ္ဓဝင်ပန်းချီကားများကို ရေးတတ်ရခြင်းသည် ဆရာဉီးငွေကိုင်၏ ကျေးဇူးပင်ဖြစ်သည်။

ရန်ကုန်မြို့တွင် ဖျာပုံသားများဖြစ်ကြသော ဗြိတိသျှဘားမားရုပ်ရှင်မှ ဉီးသာထွန်း၊ အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာ ဉီးအောင်ဇံတို့နှင့် အဆက်အသွယ်ရ၏။ သူတို့က ရုပ်ရှင်ပိုစတာ၊ ကြော်ငြာရေးနည်းများကိုသင်ရန် ပန်းချီဆရာ ဉီးခင်အုန်းထံတွင် အပ်နှံလာကြ၏။

ထိုဆရာကြီးများအပြင် ထိုခေတ်က နာမည်ကျော် ပန်းချီဆရာကြီးများဖြစ်ကြသော ဉီးဘလုံ၊ ဉီးထွန်းကြွယ်၊ ဉီးစောမောင်၊ ဉီးအုန်းလွင်၊ ဉီးဘဉာဏ်၊ ဉီးဘအောင်၊ ဉီးလှမောင်ကြီးတို့၏ ပန်းချီလက်ရာများကို အားကျအတုခိုးခဲ့ သည်။ ထိုဆရာကြီးများမှာ ဆရာဉီးစန်းလှိုင်၏ မြင်ဆရာများဟု ခေါ်နိုင်သည်။

ပန်းချီဉီးစန်းလှိုင်၏ ပန်းချီနှင့် အနုပညာစွမ်းဆောင်မှုများ

ဉီးစန်းလှိုင်သည် ၁၉၄၇ ခုနှစ်က ရန်ကုန်မြို့၊ အမှတ် (၁၃၈)၊ ၂၇ လမ်းတွင် နေထိုင်ကာ ‘စန်းလှိုင်ပန်းချီ’ ဟူသော အမည်ဖြင့် ဆေးဆိုးပန်းရိုက် သရက်ထည်များ၊ အလှကုန်တံဆိပ်များ၊ ဖိနပ်ကြော်ငြာ၊ စီးကရက်ကြော်ငြာ ဒီဇိုင်းများကို ရေးဆွဲခဲ့သည်။ ထိုအချိန်က အမည်ကျော်သော ‘ပွင့်ကောင်းငံပြာရည်’ အမှတ်တံဆိပ်ကို ဦးစန်းလှိုင်နှင့် ဉီးဘရင်လေးတို့ အပြိုင်ရေးဆွဲခဲ့ကြသည်။

စစ်ကြိုခေတ် ရန်ကုန်ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပိုစတာများကိုလည်း ရေးဆွဲခဲ့၏။ ၈ ပေ ၆ ပေ ဆိုက် ပိတ် ပိုစတာများ၊ လက်တွန်းလှည်းနှစ်ချပ်ထောင် ကြော်ငြာပိုစတာများကိုလည်း ရေးခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ပန်းချီပြပွဲကျင်းပခဲ့သည်။

၁၉၅၆ – ၅၉ တွင် ဗမာပြည် ပန်းချီသမဂ္ဂတွင် ဉက္ကဋ္ဌအဖြစ် ဉီးဗခင်က ဆောင်ရွက်ကာ ဉီးစန်းလှိုင်က အမှုဆောင်အဖြစ် တာဝန်ယူခဲ့၏။

၁၉၅၉ တွင် ကုန်သည်လမ်း စာပေဗိမာန်တွင် ပန်းချီပြပွဲကို ပန်းချီသမဂ္ဂက ဉီးဆောင်ကျင်းပရာ ဦးစန်းလှိုင်က ‘ဉက္ကလာဆံတော်ရှင်’ ပန်းချီကားဖြင့် ပါဝင်ပြသခဲ့၏။

၁၉၆၃ တွင် ပန်းချီပန်းပုကောင်စီဉက္ကဋ္ဌ ဆရာဉီးအုန်းလှိုင်ဖြစ်ပြီး စည်းရုံးရေးမှူးက ဉီးစန်းလှိုင်ဖြစ်၏။

ပုပ္ပားတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ မန္တလေး ပြည်ထောင်စုနေ့၊ ခပေါင်းတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ ချောက်မြို့ အလုပ်သမားနေ့ စသည်တို့တွင် နောက်ခံသမိုင်းဝင် ပိုစတာပန်းချီကားများရေးသားခဲ့ သည်။

၁၉၆၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပညာပေးရေးဌာန (ပါတီစာနယ်ဇင်းဌာနကြီး) လမ်းစဉ် သတင်းဌာနခွဲတွင် ပန်းချီ (ပထမတန်း) အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံကိုယ်စားပြုတံဆိပ်များ၊ လွတ်လပ်ရေးနှင့်ဆိုင်သောတံဆိပ်များ၊ အလုပ်သမား၊ လယ်သမား၊ လူငယ်ဆိုင်ရာတံဆိပ်များကို ရေးဆွဲလာခဲ့သည်။ အထူးခြားဆုံးမှာ နိုင်ငံတော်အလံပုံစံကို ဒီဇိုင်းဖော် ရေးဆွဲပေးခဲ့ရခြင်းပင် ဖြစ်သည်။

ကျွန်ဘဝမှ လွတ်မြောက်ရေး၊ တော်လှန်ရေး၊ လွတ်လပ်ရေးသမိုင်းဝင် ပန်းချီကားများစွာကိုလည်း ရေးဆွဲခဲ့ သည်။ တပ်မတော်သမိုင်းပြတိုက်၌ ဂုဏ်ယူဖွယ်ရာ ချိတ်ဆွဲပြသထားခြင်းခံရ၏။

တိုင်းလုံးကျော်သတင်းစာ၊ မြန်မာ့အလင်းသတင်းစာတို့တွင် နေ့ထူးနေ့မြတ်အထူးထုတ်များတွင် ဆရာဦးစန်းလှိုင်၏ ပန်းချီလက်ရာများကို တွေ့ရ၏။ ရှုမဝမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ ပေဖူးလွှာမဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း၊ ရတနာမွန်မဂ္ဂဇင်း၊ မြတ်ဆုမွန်မဂ္ဂဇင်း၊ လုပ်သားဂျာနယ်၊ ပြည်သူ့ကြယ်ဂျာနယ်၊ ခေတ်မြန်မာဂျာနယ်၊ မြစ်မခစာ စောင်၊ ဗျာဒိတ်ပန်းစာစောင်၊ တရားရိပ်မြိုင်စာစောင် စသည့် ဂျာနယ်၊ မဂ္ဂဇင်းများစွာတွင် ဆရာဦးစန်းလှိုင်၏ လက်ရာ များကို လစဉ် တွေ့ရှိရ၏။

စစ်ပြန်မဂ္ဂဇင်းတွင် စတင်ထွက်ရှိသည့် အမှတ် (၁) စာစောင်မှစ၍ နှစ်ရှည်လများ ရေးဆွဲခဲ့၏။

ဆရာဉီးစန်းလှိုင်ရေးဆွဲခဲ့သာ ဇာတ်ကြီး (၁၀) ဘွဲ့ အနှစ်ချုပ်၊ ငါးရာ့ငါးဆယ်နိပါတ်ဇာတ်လမ်း ပန်းချီလက်ရာ များမှာ မြန်မာမှုလက်ရာ အပြည့်အဝ ခံ့ညားစွာတွေ့ရှိရသည်။ ဧကရီစုဘုရား ရုပ်ပြ၊ ပတ္တမြားငမောက်နှင့် ရတနာပုံ နန်းတွင်းလျှို့ဝှက်ဇာတ်လမ်းများ၊ မြသပိတ်တောင်အဆင်းနှင့် မင်းကွန်း ဇေတဝန်ည အစရှိသော ရုပ်ပြလက်ရာများ စွာကို အလွန်လူကြိုက်များ ထင်ရှား၏။ ဇိနတ္ထပကာသနီ ဗုဒ္ဓဝင်ရုပ်စုံ သရုပ်ဖော်ပုံများ၊ ဆရာတော်ကြီးများ၏ တရားခွေအဖုံးများမှာလည်း ဘာသာရေးသရုပ်ဖော် ပန်းချီပညာစွမ်းကို အထင်အရှားတွေ့ရ၏။

ဆရာဉီးစန်းလှိုင်သည် ကိုယ်ပိုင်ရေးဟန်နှင့် အောင်မြင်သော စာနယ်ဇင်းသရုပ်ဖော် ပန်းချီပညာရှင်ကြီး ဖြစ် သည်။ မည်သည့်ပုံကိုမဆို ပီပီပြင်ပြင် စေ့စေ့စပ်စပ်ရေးဆွဲနိုင်သော ပုံဆွဲပညာ ပိုင်နိုင်ကျွမ်းကျင်သူ ဖြစ်၏။ မည်သည့် လက်ရာကိုမဆို မခိုမကတ် စနစ်တကျရေးဆွဲတတ်ကြောင်း ဆရာဉီးစန်းလှိုင်၏ လက်ရာတိုင်းက အထင်အရှား သက်သေပြနေ၏။ ဆရာဉီးစန်းလှိုင်သည် လိုင်းခြစ်၊ မင်ခြစ်များကို အသေးစိတ် တိကျစွာရေးဆွဲနိုင်သည့် ပါရမီရှင်ကြီး တစ်ဉီးဖြစ်၏။ ဆရာဉီးစန်းလှိုင်သည် ‘လိုင်း’ အရေးများပြီး မင်ခြစ်များကို စိတ်ရှည်စွာ ရေးဆွဲနိုင်သူဖြစ်သည်။ ဗမာ ဆန်ဆန်အရောင်များကို အထူးသံးစွဲတတ်သည်။ ဦးစန်းလှိုင်၏ ‘ လိုင်း’ များသည် သန့်ရှင်းသပ်ရပ်လှ၏။ ပီပီပြင်ပြင်နှင့် မခိုမကတ် ရေးဆွဲသည့်နေရာတွင် စံနမူနာယူထိုက်သော ပုဂ္ဂိုလ်ကြီးတစ်ဉီးဖြစ်၏။ အထူးသဖြင့် မြန်မာမှုပန်းချီ လက်ရာတွင် ဉီးဆောင်ဉီးရွက် ပုဂ္ဂိုလ်ကြီးတစ်ဉီးအဖြစ် ပန်းချီဆရာများအားလုံးလောက်နီးပါက တညီတညွတ်ထဲ လေးစားသတ်မှတ်ခြင်း ခံထားရသူဖြစ်သည်။

ဆရာကြီးဉီးစန်းလှိုင်သည် ဉရောပပန်းချီနည်းဖြစ်သော ဆီဆေး၊ ရေဆေး ပန်းချီကားများကို ရေးဆွဲနိုင်သည့် အပြင် မြန်မာပန်းချီနည်းဖြစ်သည့် မျဉ်းရေး၊ ဆေးခြယ်နည်း (ဝါ) ကောက်ကြောင်းနည်းကိုလည်း ရေးဆွဲနိုင်သည်။ ဆရာဦးစန်းလှိုင်သည် အလွတ် (ILLUSTRATION) ရေးရာတွင် အလွန်တော်၏။ စိတ်ကူးကောင်းပြီး သပ်ရပ်တိကျ၏။ ဘာသာရေးပန်းချီများကို ရေးဆွဲရာတွင် နိပါတ်ဆန်ဆန် ရေးတတ်သည်။ နိပါတ်ဆန်ဆန် ရေးတတ်သည့်ပညာရှင် အလွန်ရှား၏။

အသက် (၇၅) နှစ်ခန့်အထိ တစ်လလျှင် ဒီဇိုင်းပန်းချီပုံပေါင်း သုံးဆယ်ကျော် လေးဆယ်အထိ ရေးဆွဲနိုင်သူ ဖြစ်သည်။ နံနက် (၉) နာရီမှ ညည့် (၁၂) နာရီလောက်အထိ အလုပ်နှင့်လက်မပြတ် လုပ်တတ်သည်။ ယခုအချိန်အထိ ဆရာကြီး ဦးစန်းလှိုင်သည် ရေဆေးပန်းချီကား (၁၀၀) ကျော်၊ ဆီဆေးပန်းချီကားကြီးပေါင်း (၅၀) ကျော် ရေးဆွဲခဲ့ပြီး ဖြစ်၏။

ပန်းချီဆရာကြီးဦးစန်းလှိုင်၏ သူတကာနှင့်မတူသော ထူးခြားချက်မှာ သူ၏ ရိုးရာပုံစံအပေါ် သံယောဇဉ်ကြီးမှု ဖြစ်၏။ ထိုအချက်မျာ သူသည် မည်သည့်အခါမှ သွေဖည်ခဲ့ခြင်းမရှိ။ သူ၏ ပန်းချီလက်ရာများမှာ လုံးဝဉဿုံ ရိုးရာ ပုံစံ ဖြစ်ပြီး သူ၏ပုံစံကို မည်သည့်အခါမှ အပြောင်းအလဲမလုပ်ခဲ့။

ဦးစန်းလှိုင်၏ ပန်းချီလက်ရာများမှာ တန်ဖိုးမဖြတ်နိုင်လောက်စွာပင် တန်ဖိုးကြီးလှ၏။ အဘယ်ကြောင့်ဆို သော် သူသည် သူ မြင်ခဲ့၊ ခံစားခဲ့၊ တွေ့ကြုံခဲ့သည်များကို ရောင်ပြန်ဟပ် ရေးဆွဲ၍ဖြစ်၏။

အသက် (၉၃) နှစ် ရှိပြီဖြစ်သော ပန်းချီဆရာကြီး ဦးစန်းလှိုင်သည် မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး ပန်းချီဆရာကြီးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်၏။ သူ၏ ပန်းချီလက်ရာများတွင် သူ၏ အတွေးစိတ်ကူးနှင့် ခံစားမှု များမှ ပေါက်ဖွားလာခြင်းများပင်ဖြစ်၏။

Copyright

All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.

Quick Links

  • Home
  • Artworks
  • Biography
  • Achievements & Awards
  • Exhibition
  • Artist Outlooks
  • Media

Contact Us

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.

anawrahtaartgallery@gmail.com

+95 9 5400345, +95 9 5566633