မောင်အေးမြင့် (မြန်မာမှု ဒီဇိုင်းသုတေသီ)

ဆရာကြီးဦးစန်းလှိုင်၏ ပုံလက်ရာများကို မောင်အေးမြင့် စတွေ့ဖူးသည်မှာ နှစ်ပေါင်း ၄၀ ရှိပါပြီ။ လူပုံအချိုး အစားကျ၍ မင်လိုင်းများ သေသပ်ခြင်းတို့ကြောင့် စိတ်ဝင်စားမှုဖြစ်ခဲ့ပါသည်။ လူချင်းတွေ့ဆုံရင်းနှီးခဲ့သည်မှာမူ နှစ်ပေါင်း ၂၀ ခန့်ကမှ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) မှ ထုတ်သည့် ရတနာမွန်နှင့် ဉာဏ်လင်းဓမ္မစာပဒေသာ ပန်းချီဒီဇိုင်းပုံများ ရေးကြရင်း ဘဝတူများဖြစ်ကာ လိုလိုလားလား မိတ်ဆက်ရင်းနှီးခဲ့ကြ ခြင်း ဖြစ်သည်။ တစ်စတစ်စ သူ့ဘဝကို သိသည်ထက် သိရသောအခါ ပိုဖြစ်၍ စာနာလေးစားမှုဖြစ်ခဲ့ရပါသည်။

ဆရာဦးစန်းလှိုင်က ၁၉၂၄ ခုဖွား၊ မောင်အေးမြင့်က ၁၉၃၀ ပြည့်နှစ်ဖွား။ သို့ကြောင့် မောင်အေးမြင့်ထက် ၆ နှစ် ကြီးသူ ဖြစ်သည်။ ဆရာက သားသမီးသံယောဇဉ်၊ မြေးသံယောဇဉ် အလွန်ကြီးလှသည်။ တစ်ဖက်မှာလည်း လုပ်ငန်း အပေါ် အလေးအနက်ထားသည်။ မြေးငယ်များကို ကျောင်းပို့၊ ကျောင်းကြို လုပ်တတ်သလို ရေးဆွဲပြီးသည့်အလုပ် ပုံဒီဇိုင်းများကိုလည်း ဆိုင်ရာတိုက်များသို့ ကိုယ်တိုင် သွားပို့လေ့ရှိတတ်ပါသည်။ ဆရာ့ကို ကျွန်တော် ချီးကျူးမိသည်မှာ အခန်းကျဉ်းထဲတွင် ပန်းချီဒီဇိုင်း အနုစိတ်များ အာရုံထား ရေးဆွဲနိုင်ခြင်းပင် ဖြစ်ပါသည်။

ဆရာ၏ဘဝအကျဉ်းကို မောင်အေးမြင့် မရေးတော့ပါ။ ၁၉၉၁ ခု၊ ဇွန်လ ၊ အမှတ် ၁၅၁ စာမျက်နှာ ၃၇ ပါ ‘အညတရ ရဲဘော် သို့မဟုတ် ပန်းချီဦးစန်းလှိုင်’ ဆောင်းပါးတွင် အယ်ဒီတာအဖွဲ့ဝင်တစ်ဉီးက အကျယ်တဝင့် ရေးထား ပါသည်။ (ထို ဆောင်းပါးမူရင်းကိုပင်ဖြုတ်၍ ပေးလိုက်ပါသည်။)

ဆရာ့ဘဝတွင် အကျဉ်းအားဖြင့် ၂ ပိုင်းတွဲ၍ နေသည်ဟု ဆိုချင်ပါသည်။ တစ်ပိုင်းက ဗမာ့တပ်မတော်တွင် နိုင်ငံ တာဝန်ထမ်းဆောင်ခဲ့သည့် မော်ကွန်းဝင် အပိုင်းဖြစ်၍ တစ်ပိုင်းက ပန်းချီအနုပညာသည်ဘဝ ဖြစ်ပါသည်။

နိုင်ငံ့တာဝန် ကျရာနေရာက ထမ်းဆောင်ခဲ့သူမို့ တာဝန်ကို လေးစားတတ်ခြင်း၊ ဟောဟောဒိုင်းဒိုင်း ရင်ထဲရှိသလို ပွင့်လင်းစွာ ပြောတတ်ခြင်းက စစ်သားဆန်သည်ဟု ဆိုချင်ပါသည်။ သားသမီးများ၊ မြေးများနှင့် မခွဲမခွာ နေတတ်၊ သည်းခံတတ်သည့်စိတ်စွဲက ပန်းချီဆ်သည်ဟု ယူဆမိပါသည်။

မည်မျှပင် သားသမီးကိစ္စ၊ မြေးကိစ္စ များသည်ဖြစ်စေ၊ သူ့ပတ်ဝန်းကျင်တွင် မည်သို့သောကလေးများ၊ ပစ္စည်း များ၊ အသံဗလံများ ရှုပ်ထွေးနေပါစေ အချိန်ကာလသတ်မှတ်ထားသော အပ်ထည်ပုံဒီဇိုင်းများကို ဇွဲရှိရှိ စိတ်ရှည်ရှည် ပြီးအောင်ရေးရှာသည်။ တစ်ခါတစ်ရံ ဆရာ ကိုယ်လက်မအီမသာရှိသည့်တိုင်အောင် ရေးနေကျ လက်ရာစံကို လျော့ မသွားအောင် ရေးရှာသည်။ စားချိန် အိပ်ချိန်ပင် သတိမထား၊ ပြီးအောင်ရေးလေ့ရှိသည်။ မောင်အေးမြင့် သတိထားမိခဲ့ သည်မှာ ‘ပန်းချီရေးဆွဲခ’။ ဆရာ့မှာက များများရေးနိုင်သလောက် များများမရရှာပါ။ မောင်အေးမြင့်က အဖုံးများများ ရေးရ၍ ငွေရလည်း ဆရာ့ထက်ပိုရ၍ ပေါ်လွင်မှုလည်း ပိုနေသည်။

ဆရာက ရိုးသား၍ သဘောကောင်းခြင်းကြောင့် ထုတ်ဝေသူများက (တချို့က) အသာစီးယူကာ အပြောချိုပေ မယ့် အပေးနည်းကြပါသည်။ အပြင်ခိုင်း၍ ပြင်ပေးရသည်လည်း ရှိသည်။

မောင်အေးမြင့် သိမြင်မိသလောက်မှာ ဆရာက နားအနည်းငယ်လေး၍ စကားကျယ်ကျယ် ပြောတတ်သည်။ ထို့ပြင် စကားဆက်အကြောင်းအရာမခြား စကားရှည်ရှည် ပြောတတ်သည်။ စစ်သားဟောင်းကြီးများအလေ့အတိုင်း ကိုယ်မှန်သည်ထင်ရာ ကျယ်ကျယ်ရဲရဲ ပြောတတ်လေ့ရှိသည်။ ဤအချက်များကို သည်းမခံနိုင်၍လား၊ ဆရာ့ ပန်းချီ အရည်အချင်းကိုပင် အထင်သေး၍လား မပြောတတ်။ ဆရာနှင့် မရောကြ။ ဆရာ့နားလည်း မကပ်ကြ။ စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာကြီးများက ကန်တော့ကြရာတွင်လည်း ဆရာ့ကို မဖိတ်ကြ။ (ယုခတော့ မပြောတတ်ပါ) သည် အချက်ကို ဆရာလည်း သတိမမူ မကျေမနပ် ပြောသည်လည်း မရှိပါ။

မောင်အေးမြင့်က ဆရာ့ဆီဆေးလက်ရာကားတစ်ချပ် အမှတ်မထင်မြင်ဖူူးပါသည်။ ဆရာ ရသပန်းချီများ၊ ဆီဆေးကားများ ရေးနိုင်သူ။ အရွယ်သေး၊ အရွယ်ကြီး ရေးဆွဲနိုင်သူ။ အကြောင်းအရာအားဖြင့်လည်း အဓိပ္ပာယ်ရှိသော ကားများ ရေးနိုင်သူဟု မောင်အေးမြင့် ယူဆလျက်ရှိပါသည်။ သို့ နားလည်လျက်ရှိပါသည်။

ထို့ကြောင့် လွန်ခဲ့သော ၂ နှစ်ခန့်က ဆရာ့သားသမီးများက အဖေကြီး၏ အသက်အရွယ်၊ အဖေကြီးကို ငဲ့ညှာ သောအားဖြင့် ရသပန်းချီကားများ ရေးဆွဲနိုင်အောင် ရင်းနှီးပေးကြပါ၊ ထုတ်ပေးကြပါဟု ရင်းနှီးစွာ အကြံပြုတိုက်တွန်း ခဲ့ဖူးပါသည်။

မောင်အေးမြင့်လည်း အသက်ကြီး။ (၇၄ ) နှစ် အိုမင်းလာသည့်တိုင် စားဝတ်နေရေး၊ မိသားစု အသုံးစရိတ် ဝင်ငွေထွက်ငွေအတွက် ပူရဆဲပင်ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ အနုပညာရှင်များမှာမူ အသက်ငယ်ရွယ်စဉ် လုပ်ခဲ့သည့်ဝင်ငွေဖြင့် အသက်ကြီးသည့်အခါ မပူမပင် စားနိုင်ကြသည်။ ပညာသားပါပါ နည်းနည်းလုပ်၍ များများရကြ သော သူများဘဝ။ မောင်အေးမြင့်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ များများလုပ်ပြီး ရရစားစားဘဝ၊ အိုမင်း၍ မလုပ်နိုင် တော့သည့်အခါတွင်မူ သားသမီးများက ထောက်ကူပေးနိုင်ပါမှ၊ သို့မဟုတ်ပါက ချို့ချို့တဲ့တဲ့နှင့် အနုပညာမဖန်တီးနိုင် ကြသည့်ဘတကို စဉ်းစားစာနာမိပါသည်။

ဆရာဉီးစန်းလှိုင်သည် ပန်းချီအနုပညာရှာစဉ်ကလည်း ဆရာများစွာ ရှိခဲ့ပါသည်။ မထင်ရှားသော ဆရာများ ပါသကဲ့သို့ ထင်ရှားကျော်ကြားသော ဆရာကြီး ဦးငွေကိုင်လို ဆရာကြီးများပင် ပါဝင်ခဲ့ပါသည်။ စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာဘဝ မတိုင်မီ ရုပ်ရှင်ပိုစတာ ပန်းချီဘဝတွင် နှစ်အတော်ကြာ အတွေ့အကြုံလည်း ရှိခဲ့သည်။

ဆရာရေးခဲ့သော စာနယ်ဇင်းသရုပ်ဖော်ပုံများတွင် ဘာသာ၊ သာသနာပြုနှင့် ယဉ်ကျေးမှုသရုပ်ဖော်များသာ ဦးစားပေးခဲ့၍ ပန်းချီအနုပညာဖြင့် သာသနာပြုသူဟု ဆိုသော် ရပါသည်။ အကျိုးပြုစာပေများကို ပြုစုသူ၊ စာပေ ပညာရှင်များကို ဆု၊ ဘွဲ့များ ချီးမြှင့်သကဲ့သို့ ပန်းချီ၊ ပန်းပု ပန်းပညာရှင်များကိုလည်း နိုင်ငံတော်နှင့် သာသနာရေးဌာန၊ ယဉ်ကျေးမှုဌာနနှင့် ပန်းပညာရှင်များအဖွဲ့အစည်းတို့က ဆု၊ ဘွဲ့များ ချီးမြှင့်နိုင်ရေး သတိတရ စီစဉ်သင့်၊ ဆောင်ရွက် သင့်ပြီဟုလည်း တွေးမြင်မိပါသည်။ ဆရာဉီးစန်းလှိုင် ဘာသာရေးစာနယ်ဇင်းများတွင် ရေးဆွဲခဲ့သောပုံများကို သတ်သတ်မှတ်မှတ် မူရင်း (original) ပုံများကို စုစည်းဖော်ပြရမည်ဆိုပါက ပြခန်းကျယ်ကြီးတစ်ခု ပြည့်လောက်သည်ဟု ထင်ပါသည်။

ဆရာဦးစန်းလှိုင် ပန်းချီသရုပ်ဖော်ရေးခဲ့သော –
ဇိနတ္ထပကာသနီ ဗုဓ္ဓဝင်ရုပ်စုံပါ လက်ရာများကို ဝေဖန်တင်ပြလိုပါသည်။ ၁၉၉၁ ခုနှစ်က ဆန်းညွန့်ဉီး စာပေဖြန့်ချိရေးမှ ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီကျမ်းကိုမူတည်၍ ဆန်းညွန့်ဦး ဦးလှခင်နှင့် ဦးစန်းလှိုင်တို့ ပြုစုပူဇော်ပြသည်ဟု ဖော်ပြထားပါသည်။ အရွယ် ၇ လက်မ ၁၀ လက်မ၊ စာမျက်နှာ ၁၁၁၊ ရောင်စုံ ၈ ပုံ၊ တစ်ရောင်တည်း ပုံ ၅၀ ပါရှိပါသည်။ မူရင်းအရွယ်များမှာ အရွယ်ကြီးများဖြစ်ပါသည်။ စက္ကူနှင့် အရောင်ခွဲ ပုံနှိပ်အဆင့် ယခုထက်မြင့်ပါက ယခုထက် အရည်အသွေး ပိုကောင်းဖွယ်ရာရှိပါသည်။ တစ်ရောင်တည်းပုံဆို၍ လျှော့မရေး၊ ထုတ်ဝေသူက စာအုပ်အရင်းအနှီးကြီးမည်စိုး၍ ရောင်စုံပုံချွေတာခြင်း ဖြစ်ပါသည်။ အကယ်၍ ရောင်စုံပုံထည့်လိုပါက ဆရာက ဝန်လေးမည်မဟုတ်ပါ။ ပုံတိုင်း အဝေဖန်ခံနိုင်အောင် လုပ်ထားသည်မှာ သေချာပါသည်။ ဆရာ့ကားချပ်တိုင်း ပေါ့ပေါ့ရေးသည်မရှိပါ။ မူရင်းလက်ရာများ ထုတ်ဝေသူထံ ရှိနိုင်ပါသည်။ ရှေးဆင်ယင်ထုံးဖွဲ့မှု (ရတနာပုံခေတ်) အနီးစပ်ဆုံး မှန်အောင် လှအောင် ရေးပါသည်။ ချပ်ဝန်တန်ဆာများ၊ ပုဆိုးထဘီ အချိတ်အဆင်များ စေ့စေ့စပ်စပ် ရေးပါသည်။ အချိုးအစားများလည်း မျှတတင့်တယ်အောင် ရေးသည်။ အရောင်လည်း မဖြစ်စေရန် အထိန်းများရှိ သည်။ ဆရာကြီး ဦးဘကြည်၏ဟန်များ အနည်းငယ်ယူသည်များ ရှိသော်ငြားလည်း များစွာသောဟန်တို့သည် ဆရာဦးစန်းလှိုင်၏ ပင်ကိုဟန်များသာဖြစ်သည်။ မောင်အေးမြင့် စုစည်းထားသော ‘ဇိနတ္ထပကာသနီ’ စာအုပ်လိုက် လေးလှူလိုက်ပါသည်။ မှီငြမ်းကိုးကားစရာပုံများ၊ စာအုပ်များ၊ ပုံများ ကူညီပံ့ပိုးမှုသာရပါက ဆရာ့ပုံများသည် ယခုထက်ပို၍ ကောင်းမွန်ဖွယ်ရာရှိပါသည်။

မောင်အေးမြင့်သိသလောက်မှာ ဤမျှအဆင်ပြေအောင်ရေးနိုင်သည်မှာ ဆရာ၏စိတ်မှတ်များ ကောင်းလွန်း၍ သာ ဖြစ်ပါသည်။ ဆရာ၏အမြင်နှင့်် ဆရာ၏လက်သည် အတွဲညီပါသည်။ ဆရာသည် ဇာတ်တော်တွင် ပါဝင်သမျှ ဘုရားပုံတော်၊ မင်းညီမင်းသား၊ နတ်သား၊ နတ်သမီး ၊ အမျိုးသမီးရုပ်များမှအစ တိတ္ထိ၊ ပရိဗိုဇ် အပါအဝင် သရုပ်ပေါ်အောင် ရေးသော်လည်း အရုပ်ဆိုးအောင် မရေး။ နီးဝေးပုံမှန်စနစ် (perspective) လည်း ဂရုစိုက်သည်။ မောင်ဆန်ပြည်တောင်ပြန်ခန်းမှာ အရောင်စုံနှင့်ဆိုပါက လွမ်းမောဖွယ် ပို၍ ကောင်းမည်ဖြစ်သည်။ ဉရုဝေလကဿပ ရသေ့ညီနောင်နှင့် မြတ်စွာဘုရားနဂါးကို ဆုံးမခန်း အပို့အဆောင်နှင့် ဖွဲ့ထားပုံကောင်းသည်။ ရုပ်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန် ရဟန်းမပြုမီနှင့် ပြုပြီးနောက် ပုံဟန်များလည်း ကောက်ကြောင်းများ ကောင်းပြီးဖြစ်၍ အရောင်နှင့်ဆိုပါက ကားကောင်းများဖြစ်နိုင်ပါသည်။ သိဉ္စည်းဆရာကြီးထံ ခွင့်ပန်သည့် အခန်း ၃ ဦး၊ ၃ ပါးစလုံး ဟန်မူရာကောင်းလှသည်။

အချုပ်အားဖြင့် ဤဗုဒ္ဓဝင်ရုပ်စုံပါ ဆရာ့လက်ရာများကို အရွယ်ကြီးကြီး ပန်းချီကားကြီးများဖြစ်ပါက ဆရာ့ပညာအစွမ်း ယခုထက် ထင်ပေါ်မည့်လက်ရာများသာဖြစ်ကြောင်း ထင်မြင်မိပါသည်။ ငွေကြေးတန်ဖိုးလည်း ထိုက်ထိုက်တန်တန် ရနိုင်ဖွယ်ရှိပါသည်။

မြတ်မင်္ဂလာ လစဉ်ထုတ် စာစောင်အဖုံးများ
ဆရာ မင်းယုဝေ အယ်ဒီတာချုပ်အဖြစ် ထုတ်ဝေခဲ့၊ ထုတ်ဝေဆဲဖြစ်သော အဖုံးများတွင် ဆရာ့လက်ရာများ သုံးခဲ့သည်မှာ ၅ နှစ်ကျော်ခန့် ရှိပြီဟု ထင်ပါသည်။ ဘာသာရေး လစဉ်ထုတ်စာစောင်များတွင် စောင်ရေအများဆုံး ဖြစ်ပါသည်။ ပထမပိုင်းတွင် ဓာတ်ပုံများဖြင့်သာ အဖုံးသုံးခဲ့၍ နောက်ပိုင်းတွင်မူ ဆရာဉီးစန်းလှိုင်လက်ရာများ လစဉ်သုံးလျက် ရှိပါသည်. ဆရာသည် မျဉ်းပုံဆွဲ ရေးရသည်ထက် ပို၍ နေရောပြည့်စေတနာထားရေးပါသည်။ အဖုံးကြွေရောင် စက္ကူကောင်း (Art paper) ပင် မသုံးနိုင်ကြ။ မည်မျှပင် ပန်းချီဆရာ ကြိုးစားရေးသော်လည်း စာအုပ်အငှားဆိုင်များက မဝယ်ကြ၊ ထုတ်ဝေသူများကလည်း စာအုပ်စောင်ရေ နည်းက ငွေရနည်း၊ သို့ဖြင့်ပင် ပန်းချီဆရာ ရေးခလျှော့ရသည်။

ဆရာသည် ရတနာမွန်, မြတ်ဆုမွန် စာစောင်များတွင်လည်း ရေးခဲ့ရသည်။ ယခုအခါ ထိုစာစောင်များက ဆရာ့ထံ မအပ်ကြ၊ ယခင်ပုံဟောင်းများကို ဖြတ်တောက်ပြန်သုံးသည်ရှိဦး ဆရာ့ကို ဉာဏ်ပူဇော်ခပေးရန် သတိ မရကြ။ သက်ကြီးဝါကြီးလည်း ဖြစ်၊ မိမိတို့စာစောင်တွင် များစွာရေးဆွဲခဲ့သူဖြစ်၍ ကရုဏာကြေး၊ ဆေးဖိုးဝါးခပေးရမှန်း သတိမရကြ။

ဆရာကြီးဦးစန်းလှိုင်သည် ယခုအခါ အသက် ၈၀ တွင်း ရောက်ပါပြီ။ ဆရာကား ယခုထက်တိုင် အပ်သမျှ ရေးကွက်များကို အကောင်အထည်ဖော်ရေးနေဆဲ ဖြစ်ပါသည်။ ယခု မူရင်း ၂ ပုံကိုလည်း ပူးတွဲပေးလိုက်ပါသည်။၊ သူ၏ Live Drawing မျဉ်း ပိုင်နိုင်မှုကို အကဲဖြတ်နိုင်ရန်ဖြစ်ပါသည်။ မကြာသေးမီက ထွက်သည့် ခေတ်ကာလ လူငယ်ကြိုက် မဂ္ဂဇင်းတစ်စောင်တွင် ပန်းချီဝေဖန်ရေး ပန်းချီဆရာတစ်ဉီးက မြန်မာပန်းချီလောကတွင် လိုင်းကောင်းသူ ၂ ယောက်သာရှိကြောင်း ၊ နိုဝယ်ဆင်းဂါးနှင့် ကိုပေါ်ဦးသက်ဟုဆိုသည်။ ပန်းချီဦးစန်းလှိုင်လို ဆရာကြီးရေးသည့်လိုင်းကို ကောင်းသည်ဟု မြင်ဟန်မတူပါ။ ဘာသာရေးလစဉ်ထုတ် စာစောင်များတွင် ရေးသည့် လက်ရာများကို စိတ်မဝင်စား၍ ဖြစ်ပေလိမ့်မည်။

နိဂုံး
ဤမသွဲ့သူဇာဆင့်၏ ပန်းချီဘွဲ့ယူစာတမ်း ‘ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ ဘဝအကျဉ်းနှင့် လက်ရာများ’ တွင် မောင်အေးမြင့်၏အမြင်ကို ရေးရာ၌ –
(၁) ဦးစန်းလှိုင်၏ အညတရရဲဘော်၊ မော်ကွန်းဝင် တပ်မတော်သားတာဝန် ထမ်းဆောင်ရွက်ခဲ့ပုံအတွက် ၁၉၉၁ ခုနှစ် စစ်ပြန်မဂ္ဂဇင်း၊ အယ်ဒီတာတစ်ဦး၏ မေးမြန်းရေးသားချက်ကို စာအုပ်မှ ဖြတ်၍ ပေးလိုက်ပါသည်။
(၂) ဆရာ၏လက်ရာကို ဝေဖန်ရာ၌မူ ဇိနတ္ထပကာသနီ ဗုဒ္ဓဝင်ရုပ်စုံစာအုပ်ကို ပူးတွဲပေးပို့၍ ရေးသားလိုက်ပါ သည်။ ထို့အပြင် –
(၃) မြတ်မင်္ဂလာ အဖုံး၊ မြတ်ဆုမွန်အတွက်ရေးခဲ့သော မူရင်းပုံ ၂ ပုံတို့ကိုပါ ပေးပို့လိုက်ပါသည်။

ဆရာကဲ့သို့ အသက် ၈၀ ရှိ မျိုးချစ်စိတ်ရှိသော၊ ဘာသာရေးပြုပြင်ရေး အကျိုးရှိသောပုံ မြောက်မြားစွာကို ရေးဆွဲခဲ့၊ ရေးဆွဲဆဲဖြစ်သည့် ဆရာကြီးအကြောင်းကို ဝတ်ကျေတန်းကျေ စာတိုတို၊ ပုံမပါဘဲ လက်တန်းမရေးသင့်ပါ။ ဆရာ့ဘဝနှင့် ပတ်သက်၍ လည်းကောင်း၊ စာတမ်းတွင် လေးလေးနက်နက်ပြည့်ပြည့်စုံစုံ ပါဝင်သင့်ပါသည်။ စာတမ်းများ၊ စာအုပ်များဖြင့် မှတ်တမ်းတင်ဖော်ပြနိုင်အောင် ပန်းပညာသင်လူငယ်များ၊ ပန်းပညာရှင် လူလတ်၊ လူကြီးများ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက ပြည်တွင်းအဆင့် ပထမအားထုတ်၍ ပြည်ပအဆင့် ဆက်လက်အား ထုတ်သင့်ပါသည်။

ညိုဝင်းရှင် (ဆရာဦးဉာဏ်ရှိန်) ပြုစုသည့် ‘ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်များ’ စာအုပ်မျိုးကို ဖြစ်နိုင်ပါက ထိုထက် စက္ကူကောင်း၊ ရောင်စုံပုံကောင်း စာကောင်းများဖြင့် ပြုစုထုတ်ဝေသင့်ပါသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင် သောက ကင်းကာ၊ သားသမီး မြေးများနှင့်အတူ အသက်ရှည်စွာဖြင့် မိမိစိတ်တိုင်း ကျ အနုပညာလက်ရာများ ဖန်တီးနိုင်ပါစေ။

မောင်အေးမြင့် (မြန်မာမှု ဒီဇိုင်းသုတေသီ)

Copyright

All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.

Quick Links

  • Home
  • Artworks
  • Biography
  • Achievements & Awards
  • Exhibition
  • Artist Outlooks
  • Media

Contact Us

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.

anawrahtaartgallery@gmail.com

+95 9 5400345, +95 9 5566633