မင်းယုဝေ ၏ အမြင်

ပန်းချီဆရာကြီး ဦးစန်းလှိုင်သည် ဉရောပပန်းချီနည်းဖြစ်သော ဆီဆေး၊ ရေဆေး ပန်းချီကားများကိုလည်း ရေးဆွဲနိုင်သည်။ မြန်မာ့ပန်းချီနည်းဖြစ်သော မျဉ်းရေးဆေးခြယ်နယ်း (ဝါ) ကောက်ကြောင်းနည်းကိုလည်း ရေးဆွဲနိုင် သည်။

ပန်းချီပညာကို ဝါသနာအရ လေ့လာလိုက်စား၍ ငယ်ရွယ်စဉ်မှစ၍ ယနေ့ အသက် ၈၀ အရွယ်အထိ ရေးဆွဲဆဲ ဖြစ်သည်။ ရေးဆွဲရာ၌ နေ့စဉ်လိုလိုပင် ရေးဆွဲနိုင်သူဖြစ်သည်။

ဆရာကြီးသည် ရိုးသားဖြောင့်မတ်သည်။ စိတ်နှလုံးဖြူစင်သည်။ ဗုဒ္ဓတရားတော်ကို ကြည်ညိုမြတ်နိုးသည်။ ငါးပါးသီလကို လုံခြုံအောင် ကြိုးစားထိန်းသိမ်းနိုင်သည်။ အတွေးအမြင် စူးရှထက်မြက်သည်။ နိုင်ငံနှင့်လူမျိုးကို အလွန်ချစ်မြတ်နိုးသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးဖြစ်သော အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ များတွင် လက်နက်ကိုင်၍ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။

ထို အမူအရာ၊ ထိုစိတ်ဓာတ်၊ ထိုစေတနာတိုသည် သူ၏ပန်းချီလက်ရာတို့တွင် ထင်ဟပ်လျက်ရှိသည်။ ဇာတ်နိပါတ်ပုံပြင်များဖြစ်သော ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ သရုပ်ဖော်ပန်းချီများကို ရေးဆွဲရာတွင် အထူး ပြောင်မြောက် သည်။ အလားတူပင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ သရုပ်ဖော်ပန်းချီများကို ရေးဆွဲရာတွင်လည်း အထူးပြောင် မြောက်သည်။

သူသည် အတွေးအမြင် စူးရှထက်မြက်သဖြင့် လည်းကောင်း၊ အတွေ့အကြုံများသဖြင့် လည်းကောင်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပန်းချီများကို ရေးဆွဲရာတွင်လည်း ထူးချွန်သည်၊ ပီပြင်သည်၊ သရုပ်ပေါ်သည်။

ကျွန်တော်သည် ဆရာကြီးဦးစန်းလှိုင်၏ ပန်းချီလက်ရာများကို နှစ်သက်သဖြင့် ကျွန်တော် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူဆောင်ရွက်သော မြတ်မင်္ဂလာစာစောင်အတွက် မျက်နှာဖုံးပန်းချီပုံများကို ဆရာကြီးအား လစဉ်လိုလို ပင်တိုင်ရေးဆွဲရန် အပ်နှံခဲ့သည်။ လယ်တီဆရာတော်ဘုရားကြီး၏ ထင်ရှားသော ခုနစ်နေ့ ဘုရားရှိခိုးကဗျာကို တစ်လ လျှင် တစ်ပုဒ် ဆရာကြီးက သရုပ်ဖော်ရေးဆွဲပေးရာ အလွန်ပြောင်မြောက်လှသည်။ ထို့ပြင် ကျွန်တော် ဇာတ်လမ်း ရေးပေးသော ဗုဒ္ဓဘုရားရှင်၏ အောင်ခြင်း ၈ ပါး ဖြစ်ရပ် သရုပ်ဖော် မျက်နှာဖုံး ပန်းချီပုံများကိုလည်း ဆရာကြီးက ၈ လ တိုင် ရေးဆွဲပေးခဲ့သည်။ ပြောင်မြောက်လှသည်။ ယခုအခါ ကျွန်တော် ဇာတ်လမ်းရေးပေးသော ၃၈ ဖြာ မင်္ဂလာ ပုံပြင် သရုပ်ဖော်မျက်နှာဖုံး ပန်းချီပုံများကို ဆရာကြီးက လစဉ် ရေးဆွဲပေးနေသည်။ အထူးအောင်မြင်၍ လူကြိုက်များလှ သည်။

မြတ်မင်္ဂလာစာစောင် မျက်နှာဖုံး ပန်းချီပုံများအတွက်သာမက မင်္ဂလာမောင်မယ် မျက်နှာဖုံး ပန်းချီပုံများ အတွက်လည်း မကြာခဏပင် ဆရာကြီးဦးစန်းလှိုင် ရေးဆွဲပေးသည်။ လောကနီတိ ဆုံးမစာ သရုပ်ဖော်ပုံများ၊ ရှေး စာဆိုကြီးများ၏ ကဗျာသရုပ်ဖော်ပန်းချီများ၊ ဆရာကြီးဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထု သရုပ်ဖော်ဇာတ်လမ်းများ စသည် တို့ကို ရေးဆွဲရာ၌လည်း ဆရာကြီး၏လက်ရာသည် ထူးခြားသည်။ ပြောင်မြောက်သည်။ ထို့ပြင် ကျွန်တော်ရေးဖွဲ့သော ကဗျာများအတွက်လည်း ဆရာကြီးက သရုပ်ဖော်ပန်းချီများရေးဆွဲပေးရာ ကျွန်တော့ကဗျာသဘောကို ရေးဆွဲနိုင်သည် ကို တွေ့ရသည်။ အားရကျေနပ်မိပါသည်။

ဆရာကြီး ဦးစန်းလှိုင်သည် ငွေကြေးကို ရှေ့တန်းမတင်။ ထင်ပေါ်မှုကို အလေးမထား။ ဝါကြွားခြင်းမရှိ။ အချိန် ဖြုန်းလေ့မရှိ။ အရက်မသောက်။ မိမိယုံကြည်ချစ်မြတ်နိုးသော ပန်းချီပညာကို တိုးတက်သည်ထက် တိုးတက်အောင် နေ့စဉ်လိုပင် ကြိုးစားရေးဆွဲသူဖြစ်သည်။ အသက် (၈၀) အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း အနားမယူသေး။ ပန်းချီရေးဆွဲနိုင်နေသည်မှာ အံ့ချီးဖွယ်ပန်းချီဆရာကြီးပင်ဖြစ်သည်။

ကျွန်တော်သည် အယ်ဒီတာတစ်ဉီးအနေဖြင့် ဆရာကြီးနှင့်ဆက်ဆံရသည်ကို အားရကျေနပ်သည်။ သူနှင့် ကျွန်တော် တစ်ဦးအပေါ်တစ်ဦးလေးစားသည်။ နားလည်မှုရှိသည်။ တစ်ခါတစ်ရံ သူ ရေးဆွဲသော ပန်းချီကားများထဲမှ အယ်ဒီတာ၏အမြင်ဖြင့် ပြုပြုင်လိုသောအချက် အနည်းငယ်ပါရှိလျှင် သူ့ကို လေးစားစွာ ဆွေးနွေးတင်ပြသည်။ သူက လည်း ပြန်လည်ဆွေးနွေးကာ လိုအပ်သည်မှန်လျှင် ပြုပြင်ပေးသည်။ မာနမကြီး။ ပူးပေါင်းမှုစိတ်ထားရှိကာ လက်ခံ ဆောင်ရွက်ပေးသည်။ အလွန်ချီးကျူးဖွယ် စိတ်ထားပင်ဖြစ်သည်။

သူသည် ကျွန်တော် မေတ္တာရပ်ခံ တိုက်တွန်းမှုဖြင့် လယ်တီမူ ဆရာသက်ကြီးနည်းဖြင့် ၇ – ရက် ဝိပဿနာ တရားစခန်းဝင်ခဲ့သည်။ တရားအရသာကို ခံစားမိပြီး နေအိမ်တွင် မကြာခဏ တရားထိုင်ကြောင်း သိရသည်။ သူ တရားထိုင်ပြီးနောက် ရေးဆွဲသော ပန်းချီလက်ရာများမှာ ပို၍ ပြောင်မြောက်သည်ဟု ထင်မြင်ယူဆမိသည်။ အချို့ ရှေးတရုတ်ပန်းချီဆရာကြီးများ၊ အချို့ ရှေးဂျပန်ပန်းချီဆရာကြီးများသည် သမာဓိရအောင် တရားထိုင်ပြီး ပန်းချီ ရေးဆွဲလေ့ရှိကြောင်း ကျွန်တော် ပြောပြဆွေးနွေးရာ သူသည် ကောင်းစွာလက်ခံခဲ့သည်။ သူ့ကိုယ်တွေ့အရ မှန်ကန် ကြောင်းလည်း ပြောပြသည်။

ဆရာကြီး ဦးစန်းလှိုင်သည် မြန်မာ့ဂုဏ်ဆောင် ပန်းချီဆရာကြီးများတွင် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ခံယူမိ ပါသည်။

မင်းယုဝေ
ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ

Copyright

All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.

Quick Links

  • Home
  • Artworks
  • Biography
  • Achievements & Awards
  • Exhibition
  • Artist Outlooks
  • Media

Contact Us

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.

anawrahtaartgallery@gmail.com

+95 9 5400345, +95 9 5566633