အနုပညာရှင် ဦးစန်းလှိုင်နှင့် မသွဲ့သူဇာဆင့် တွေ့ဆုံမေးမြန်းခန်း ( Fine Art )

စာတမ်းရှင်သည် (၉၊ ၄၊ ၂၀၀၃) နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ဘိုကလေးဈေးလမ်းတွင် နေထိုင်သော ပန်းချီ ဦးစန်းလှိုင်၏နေအိမ်သို့ (ပန်းချီဦးစန်းလှိုင်၏ဘဝနှင့် လက်ရာများ ) စာတမ်းပြုစုရန်အတွက် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဦးစန်းလှိုင်အား စာတမ်းရှင်မှ စတင်မိတ်ဆက်ဂါရဝပြု၍ ဆရာကြီးဖြတ်သန်းခဲ့ ရသော ဘဝခရီးလမ်းအတွေ့အကြုံများ၊ ပန်းချီပညာနှင့် ပတ်သက်သော လုပ်ဆောင်ချက်များကို ဤသို့ မေးမြန်းခဲ့ပါ သည်။
မေး ။ ။ ဘဘရဲ့ မိဘနာမည်လေး သိပါရစေ။
ဖြေ ။ ။ ဘဘရဲ့မိဘတွေက ဦးခန့်နဲ့ဒေါ်တင့်တို့ ဖြစ်ပါသည်။
မေး ။ ။ အဘငယ်စဉ်ကတည်းက ပန်းချီဝါသနာခဲ့ပါသလားရှင်။
ဖြေ ။ ။ ဒါပေါ့ သမီးရယ် ၊ အဘ မူလတန်းကျောင်းသားဘဝကတည်းက ပန်းချီကို ဝါသနာပါခဲ့တယ်။ မိဘတွေက ဆင်းရဲတယ်။ ဒါကြောင့် ကိုယ် ဝါသနာပါတဲ့ပန်းချီကို မြေကြီးပေါ်မှာ အချိန်ရှိတိုင်း ရေးခဲ့တယ်။ ဒါ့ပြင် သစ်သားပေါင် ကြမ်းခင်းတွေပါမကျန် ရေးခဲ့တယ်။
မေး ။ ။ ဘဘ အားကျနှစ်သက်ခဲ့တဲ့ ပညာရှင်များကို ပြောပြပေးပါရှင်။
ဖြေ ။ ။ ဘဘ အားကျနှစ်သက်ခဲ့တဲ့ ပန်းချီပညာရှင်တွေ မြောက်များစွာရှိခဲ့ပါတယ်။ သူတို့တွေကတော့ ဆရာ့ရဲ့ ပထမဆရာဖြစ်ခဲ့တဲ့ ဆရာမှတ်၊ ဒုတိယဆရာဖြစ်ခဲ့တဲ့ ဆရာဦးသိန်းညွန့်၊ ဦးဘဉာဏ်၊ ဦးဘဇော်၊ ဦးဘလုံ၊ ဦးခင်အုံး၊ ဦးငွေကိုင်နှင့် ဦးလှမောင်ကြီးတို့အပြင် အခြား သင်ဆရာ၊ မြင်ဆရာ၊ ကြားစရာ စသည်ဖြင့် အစုံရှိခဲ့ပါတယ်။
မေး ။ ။ ဘဘရဲ့ ပန်းချီပညာအပေါ် လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကို ပြောပြပေးပါရှင်။
ဖြေ ။ ။ အဘရဲ့ ပန်းချီပညာအပေါ် လျှောက်လှမ်းခဲ့ရတဲ့ဘဝကတော့ မချောမွေ့ဘဲ အလွန်ကြမ်းတမ်းခဲ့ရပါတယ်။ ဒါပေမဲ့ အဘဟာ စိတ်ဓာတ်မကျဘဲ ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့တယ်။ မိဘက ကျောင်းဆက် မထားနိုင်တော့ အင်္ဂလိပ် – မြန်မာ (၇) တန်းအောင်တော့ ကျောင်းထွက်ခဲ့ရတယ်။ အဲဒီနောက် ဆရာမှတ်ထံမှာ ပန်းချီပညာ သင်ယူခဲ့တယ်။ ဆရာမှတ်က နိပါတ်ပန်းချီတွေ ကျွမ်းကျင်တယ်။ ဘုန်းကြီးပျံတွေ လောင်တိုက်တွေရေးမယ်ဆိုရင် ဆရာ့နောက်ကနေ ဆေးခွက်ထမ်းပြီး လိုက်ခဲ့ရတယ်။ နောက်တော့ ရန်ကုန်ရောက်ပြီး ပိုစတာတွေရေးခဲ့ရတယ်။
မေး ။ ။ ထူးခြားမှုအနေနဲ့ ဘဘတိုင်းပြည်အတွက် ရေးဆွဲပေးခဲ့တဲ့ အထိမ်းအမှတ်လေးတစ်ခုလောက် ရှိခဲ့ရင် ပြောကြားပေးပါရှင်။
ဖြေ ။ ။ အဘတိုင်းပြည်အတွက် သမိုင်းဝင် ကားကြီးတွေ အများကြီးရေးဆွဲခဲ့ရပါတယ်။ ဆရာကြီး ဦးငွေကိုင်နှင့်လည်း လွတ်လပ်ရေးသမိုင်းဝင် ကားကြီးများကိုလည်း ဝိုင်းကူဆွဲပေးခဲ့ရတယ်။ ထူးခြားမှုအနေနဲ့ အဘရေးဆွဲခဲ့ရတဲ့ အထိမ်းအမှတ်လေးတစ်ခုကတော့ မြန်မာနိုင်ငံတော်အလံကို အဘ ဒီဇိုင်းထုတ်ပေးခဲ့ရတာဖြစ်တယ်။ အခုတိုင် ဒီ ဒီဇိုင်းလေးကို အဘတွေ့နေရတာ အရမ်းဝမ်းသာမိတယ်။
မေး ။ ။ အဘ ပန်းချီပညာအပြင် တခြား ဝါသနာပါတာတွေရှိရင်လည်း ပြောကြားပေးပါရှင်။
ဖြေ ။ ။ ဘဘက ပန်းချီပညာအပြင် အက ကတာလည်း ဝါသနာပါတယ်။ ဖျာပုံမှာတုန်းက ဖျာပုံရာမ ကခဲ့တယ်။ အလှူပွဲနှင့် ဘုရားကိုးဆူပွဲတွေမှာလည်း သူငယ်ချင်းတွေနဲ့ ကဖူးတယ်။ အဲဒီ ရာမ ခေါင်းဆောင်တွေကိုလည်း ဆေးခြယ်ပေးခဲ့တယ်။ နောက်ပြီး စာဖတ်တာကိုလည်း ဝါသနာပါတယ်။ စာဖတ်၊ စာတတ်ချင်တော့ စာကြည့်တိုက်မှူးနှင့် တည့်အောင်ပေါင်းပြီး စာအုပ်တွေဖတ်ခဲ့ရတယ်။ နောက်ပြီး ကာယဗလဉီးဇော်ဝိတ် ဖျာပုံရောက်လာတော့ နည်းစနစ်များ၊ သရုပ်ပြများကို အားကျခဲ့တယ်။ ကာယဗလလေ့ကျင့်ရာ ဝိတ်ပြားမရှိတဲ့အတွက် အုတ်ခဲတွေနဲ့ အလေးမ ကျင့်ခဲ့ရတယ်။
မေး ။ ။ ဘဘ စစ်ပြန်မဂ္ဂဇင်းကို ဘယ်နှစ်ခုနှစ်က ရေးဆွဲခဲ့ပါသလဲရှင်။ ဘဘနှင့်အတူရေးဆွဲခဲ့တဲ့ ပန်းချီဆရာများ ရှိခဲ့ရင်လည်း သိပါရစေရှင်။
ဖြေ ။ ။ ဘဘ စစ်ပြန်မဂ္ဂဇင်းကို (၁၉၇၇) မတ်လလောက်က ရေးဆွဲခဲ့တယ်။ ဘဘနှင့်အတူ ပန်းချီဆရာဦးအုန်းလွင်၊ ဦးဘလွင်၊ ဦးအောင်စိုးတို့နှင့်အတူ ရေးဆွဲခဲ့တယ်။ အခုတော့ အဲဒီ ဆရာကြီး (၃) ဦးစလုံး ကွယ်လွန်သွားပါပြီ။
မေး ။ ။ ဘဘရဲ့ပန်းချီလက်ရာတွေကို မြတ်မင်္ဂလာ၊ မင်္ဂလာမောင်မယ် စတဲ့ ဘာသာရေးမဂ္ဂဇင်းတွေမှာ အရေးများတာတွေ့ရပါတယ်။
ဖြေ ။ ။ အဘရဲ့အသက်က အခု (၈၀) ကျော်ပြီလေ။ ဒါကြောင့် ခေတ်ပေါ်မဂ္ဂဇင်းတွေမှာ ပန်းချီပုံလာအပ် တိုင်း မရေးချင်တော့ဘူး။ မျိုးချစ်စိတ်တို့၊ နိုင်ငံချစ်စိတ်တို့ တစ်အားဖြစ်စေမယ့် သရုပ်ဖော်ပုံတွေ၊ ခေတ်စရိုက် သရုပ်ဖော်ပုံတွေ ရေးဆွဲချင်စိတ်မရှိတော့ဘူး။ ဒါကြောင့် ဘာသာရေးဆိုင်ရာ သရုပ်ဖော်ပုံတွေကို ရေးဖြစ်ခဲ့တယ်။ အဘရေးဆွဲလိုက်တဲ့ပုံတွေကြောင့် လူအများ အကျိုးရှိစေ မယ်၊ အထောက်အကူပြုစေမယ့်ပုံတွေကိုသာ ရေးဆွဲချင်တယ်။
မေး ။ ။ ဘဘ ဘယ်လိုဒီဇိုင်းမျိုးနဲ့ လူသိများခဲ့ပါသလဲရှင်။ အဲဒါ ဘယ်လိုဒီဇိုင်းမျိုးဆိုတာ ပြောပြပေးပါရှင်။
ဖြေ ။ ။ ဘဘစိတ်အထင်တော့ ချန်ပီယံတံဆိပ်လို့ ထင်တာပဲ။ အဲဒီ ဒီဇိုင်းပုံကို မောင်ပါဖိနပ်ဆိုင်က လာ အပ်တာ။ (၁၉၅၆) လောက်က ရေးဆွဲခဲ့တယ်။ အဘလည်း ဖိနပ်ကြော်ငြာဆိုတော့ ဘယ်လိုမျိုး လုပ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားခဲ့ရတယ်။ အဲဒါနဲ့ စဉ်းစားမိတာတစ်ခုက ဖိနပ်တစ်ရံမှာ အရေးကြီးဆုံးက ခေါင်းနဲ့ခါးပဲလေ။ ဒါကို ဆင်ကဆွဲမယ်ဆိုတော့ အလွန်ပဲ ခိုင်ခံ့တယ်ပေါ့။ သတ္တဝါ ထဲမှာဆိုရင် ဆင်က ခွန်အားအကြီးဆုံးဖြစ်လို့ ဒီဖိနပ်ကို ဘယ်လောက်ဆွဲဆွဲ မပြတ်နိုင်ဖူးဆိုတဲ့ (Idea) နဲ့ပဲ အဘ ဒီပုံကို ဆွဲဖြစ်ခဲ့တယ်။
မေး ။ ။ ဘဘရဲ့ အနုပညာအပေါ်ထားရှိတဲ့ အမြင်နဲ့ ခံယူချက်ကို သိပါရစေရှင်။
ဖြေ ။ ။ ဘဘကတော့ အနုပညာဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ အများအတွက်ပဲ ဖြစ်ရမယ်။ အနုပညာလက်ရာတွေကိုဖော်ပြတဲအခါမှာ ပြည်သူတွေကို ရှေ့ဆောင်လမ်းပြ ဖြစ်ပေ မယ့် အကြောင်းအရာတွေကို ရေးသားဖော်ပြသင့်တယ်။ အဘက အနုပညာကို မြတ်နိုးတယ်။ လေးစားတယ်။ အဲဒီလိုပဲ လူငယ်တွေကိုလည်း အနုပညာအပေါ် ချစ်မြတ်နိုးစေချင်တယ်။ အဘရဲ့ ခံယူချက်ကတော့ အလုပ်လုပ်ရာမှာ လုံ့လဝီရိယစိုက်ထုတ်မှု၊ ဇွဲရှိမှုလိုပါတယ်။ တချို့က လုံ့လဝီရိယရှိပေမယ့် ဇွဲမရှိကြဘူး။ ကံငါးပါးကို အထူးသတိပြု ထိန်းသိမ်းနေပါ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာဖို့လဲ လိုပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေကိုလုပ်နိုင်မှာဖြစ်တယ်။ မိမိစိတ်ဓာတ်ကိုလည်း မြင့်မြင့်ထားပြီး ကြိုးစားအားထုတ်ကြပါလို့ အဘအနေနဲ့ ပြောချင်ပါတယ်။

ဦးစန်းလှိုင်အား မိမိသိလိုသမျှ မေးမြန်းပြီးသောအခါ စာရေးသူတို့အား ‘လူငယ်လူရွယ်များ ယဉ်ကျေးသိမ်မွေ့ ပြီး အမျိုးကိုချစ်မြတ်နိုးစေချင်တယ်။ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ကြပါ။ အရေးကြီး တာက ကိုယ့်နိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံဖြစ်သည်နှင့်အညီ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို အစဉ်လေးစား ကြပါ’ ဟု စာတမ်းရှင်တို့အား ဆုံးမစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဦးစန်းလှိုင်သည် လိုအပ်သည့်အချိန်တိုင်း အမြဲတံခါးဖွင့်၍ ကူညီလျှက်ပါဟုဆိုပြီး လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများကိုလည်း စာတမ်းရှင်ကို ပြုံးချိုစွာ ပေးခဲ့ပါသည်။ စာတမ်းရှင်လည်း ဆရာကြီး ကို နှုတ်ဆက်၍ ပြန်လာခဲ့ပါသည်။

Copyright

All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.

Quick Links

  • Home
  • Artworks
  • Biography
  • Achievements & Awards
  • Exhibition
  • Artist Outlooks
  • Media

Contact Us

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.

anawrahtaartgallery@gmail.com

+95 9 5400345, +95 9 5566633