အနုပညာလောကထဲသို့ ဝင်ရောက်ခြင်း
ဆေးဆိုးပန်းရိုက် သရက်ထည်များ၊ စီးကရက်ကြော်ငြာများ၊ အလှကုန်ကြော်ငြာ၊ ဖိနပ်ကြော်ငြာ စသည်ဖြင့် ကုန်ပစ္စည်းအများအပြားအတွက် ကြော်ငြာဒီဇိုင်းများရေးခဲ့ရာတွင် ‘မောင်ပါ ထီးဖိနပ်ဆိုင်’ မှ အပ်နှံသည် ချန်ပီယံ ဖိနပ်ကြော်ငြာဒီဇိုင်းမှာ လူကြိုက်များပြီး နာမည်ကြီးကြော်ငြာဖြစ်ခဲ့ပါသည်။ ရေးချက်များကောင်းသလို idea လည်း ကောင်းသည်ကို ထိုကြော်ငြာက ဖော်ကျူးနေသလိုပင်။ ဖိနပ်၏ ပေါ့ပါးမှုကို ချိန်ခွင်တစ်ခုပေါ်တွင် ဖိနပ်တစ်ရံနှင့် ငှက်မွေးလေးနှစ်ခုကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်ထည့်ပြီး ချိန်ခွင်ကို တန်းနေအောင် ချိတ်ဆွဲပြထားသည့်ပုံဖြင့် ရေးဆွဲဖော်ပြထားပြီး ခိုင်ခံ့မှုကိုတော့ ဖိနပ်၏ခေါင်ကို ကြိုးဖြင့်ချည်ပြီး ထိုကြိုးကို ဆင်တစ်ကောင်က ဆွဲနေပုံဖြင့် ဆွဲနေပုံဖြင့် အသက်ပါလှပေသည်။
ထိုကြော်ငြာဖြင့် ‘မောင်ပါ ထီးဖိနပ်ဆိုင်’ မှာ နာမည်ကျော်ကြား ရောင်းအားကောင်းသွားသလို ဆရာကြီး ဦးစန်းလှိုင်၏ အနုပညာဂုဏ်သတင်းမှာလည်း ပို၍အောင်မြင်လာခဲ့ပါသည်။
၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲပြိုင်ပွဲကြီး ပြုလုပ်ကျင်းပခဲ့ရာ ဆရာကြီးဦးစန်းလှိုင်က ပုံတူဒုတိယ ငွေတံဆိပ်ဆုကို ခွတ်ဆူးရရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တော်လှန်ရေးရဲဘော်တစ်ဉီးဖြစ်သောကြောင့် ဗိုလ်ချုပ်ကို ကြည်ညိုလေးစားစိတ်ဖြင့် ပုံတူရေးဆွဲခဲ့သ ဖြင့် ဒုတိဘဆု ရရှိခဲ့သည်ဟုလည်း ဆိုနိုင်ပါသည်။
၁၉၅၉ ခုနှစ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့အစည်းများ မြို့နယ်အလိုက် ဖွဲ့စည်းရာတွင် ဆရာကြီးဦးစန်းလှိုင်က ရန်ကုန်အလယ်ပိုင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ အတွင်းရေးမှူးတာဝန်ယူခဲ့ရပါသည်။ အလယ်ပိုင်းမြို့နယ်တွင် ပုဇွန်တောင်ပန်းခြံမှ သခင်မြပန်းခြံအထိ၊ တောင်ဘက်ကမ်းနားလမ်းနှင့် မြောက်ဘက်တွင် ကမ္ဘာအေးကုက္ကိုင်းအထိ ပါဝင်ပါသည်။ ခေါင်းဆောင်ပိုင်းများမှ ဗိုလ်လရောင်၊ ဗိုလ်မင်းရောင်၊ ဗိုလ်နေမျိုးတို့ဖြစ်ပြီး အမာခံလှုပ်ရှားမှုများတွင် ဗိုလ်သိန်းအောင်၊ ဗိုလ်ခင်မောင်ညွန့်၊ ဗိုလ်ထွန်းစိန်တို့နှင့်အတူ ဆရာဦးစန်းလှိုင်က ရဲဘော်စန်းလှိုင် (အညတရ) အမည်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ထိုနှစ်ထဲတွင်ပင် ဗမာပြည်ပန်းချီသမဂ္ဂတွင် ဦးဗခင်က ဥက္ကဌအဖြစ်ဆောင်ရွက်သောအခါ ဦးစန်းလှိုင်က အမှုဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပန်းချီသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကုန်သည်လမ်းရှိ စာပေဗိမာန်တွင် ‘ဥက္ကလာဆံတော်ရှင်’ ပန်းချီကားဖြင့် ပါဝင်ပြသခဲ့ပါသည်။
၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ပန်းချီ၊ ပန်းပုကောင်စီ ဖွဲ့စည်းရာ ပန်းချီဆရာကြီး ဦးအုန်းလွင်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဦးစန်းလှိုင်က စည်းရံးရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရပါသည်။
ပန်းချီဆရာတစ်ဉီးအနေဖြင့်လည်း ပုပ္ပားတောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ မန္တလေးပြည်ထောင်စုနေ့၊ ခပေါင်း တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ၊ ချောက်မြို့ အလုပ်သမားနေ့ စသည့် ပြပွဲအခမ်းအနားများတွင် နောက်ခံ သမိုင်းဝင်ပိုစတာကြီးများကို အခြား ပန်းချီပန်းပုကောင်စီဝင်များနှင့်အတူ ပါဝင်ရေးဆွဲခဲ့ရပါသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲများတွင်လည်း ဆရာကြီး ဦးငွေကိုင်ထံတွင် ပညာသင်ယူရင်း ဆရာကြီးနှင့် အတူ လွတ်လပ်ရေးသမိုင်းဝင်ကားကြီးများ၊ ဖဆပလခေတ် ညီလာခံပုံများ စသည့် ပန်းချီကားများ ရေးဆွဲခဲ့ရပါသေး သည်။
၁၉၇၇ ခုနှစ်၊ မတ်လတွင် ပထမဆုံးထုတ်ဝေသည့် စစ်ပြန်မဂ္ဂဇင်း အမှတ် (၁) မှ စကာ စစ်ပြန်တွင် မဂ္ဂဇင်းသရုပ်ဖော်ပန်းချီများ ရေးဆွဲလာခဲ့ရပါသည်။ ထိုစဉ်က စစ်ပြန်မဂ္ဂဇင်းတွင် နာမည်ကျော်ပန်းချီဆရာကြီးများ ဖြစ်ကြသည့် ဦးအုန်းလွင်၊ ဦးဘလွင်နှင့် ဦးအောင်စိုး (ဗဂျီအောင်စိုး) တို့လည်း ရေးဆွဲခဲ့ကြသည်။ ယခုအချိန်တွင် ထိုဆရာကြီးသုံးဦးလုံး ကွယ်လွန်သွားပြီဖြစ်ပြီး ဆရာကြီးဉီးစန်းလှိုင်သာ ကျန်ရှိနေပါသည်။
၁၉၈၃ခုနှစ်တွင် ကဗျာဆရာ စာရေးဆရာကြီး မင်းယုဝေသည် ဆရာကြီးဦးစန်းလှိုင်၏ ပန်းချီလက်ရာများကို နှစ်သက်သဖြင့် မြတ်မင်္ဂလာစာစောင်အတွက် မျက်နှာဖုံးပန်းချီများအား လစဉ်ပင်တိုင်ရေးဆွဲပေးရန် အပ်နှံခဲ့ရာမှ စတင်၍ ‘မြတ်မင်္ဂလာ’ စာစောင်တွင် မျက်နှာဖုံးပန်းချီများ ရေးဆွဲပေးခဲ့ရသည်။
လယ်တီဆရာတော်ဘုရားကြီး၏ ထင်ရှားသော ခုနှစ်နေ့ဘုရားရှိခိုး ကဗျာကို တစ်လလျှင် တစ်ပုဒ်ကျ သရုပ်ဖော်ပုံ ရေးဆွဲပေးရာတွင်လည်း လက်ရာပြောင်မြောက်သဖြင့် လူကြိုက်များလှသည်။ ဆရာမင်းယုဝေရေးသားသည့် ဗုဒ္ဓဘုရားရှင်၏ အောင်ခြင်းရှစ်ပါးဇာတ်လမ်း သရုပ်ဖော်ပန်းချီပုံကိုလည်း (၈) လတိုင်တိုင် ဆက်တိုက်ရေးဆွဲပေးခဲ့ရသည်။ ဆရာမင်းယုဝေသည် ဆရာကြီးဦးစန်းလှိုင်၏လက်ရာကို အလွန်ကြိုက်နှစ်သက်သဖြင့် သူ၏ ဇာတ်လမ်းသရုပ်ဖော်ပုံများ၊ ကဗျာသရုပ်ဖော်ပုံများအပြင် ဆရာကြီးဦးဖိုးကျား ရေးသားခဲ့သော မောင်ဘစီ ဝတ္ထုသရုပ်ဖော်ပုံများကိုလည်း ရေးဆွဲပေးရသည်။ ‘မင်္ဂလာမောင်မယ်’ မျက်နှာဖုံးများလည်း ရေးဆွဲပေးရသေးသည်။
ထို့ပြင် ညောင်လေးပင် မောင်ထွန်းဦး၏ ‘ရိုးရာကပွဲ ပျော်ရွှင်နွှဲ’ ကဗျာသရုပ်ဖော်ပုံများ၊ မောင်စန်မှီ၏လောဘ ကြောင့် သေမတတ်ဖြစ်ရသော ဇာတ်လမ်းသရုပ်ဖော်ပုံများ၊ ခင်ရီဝင်း၏ ချိုမြသော အပြစ်ဒဏ်ဇာတ်လမ်းသရုပ်ဖော်ပုံ များ၊ ကဗျာသရုပ်ဖော်ပုံများ၊ ဆရာမင်းယုဝေ၏ ရှင်သီဝလီ၏ အတိတ်ဘဝဇာတ်လမ်းသရုပ်ဖော်ပုံများ အစရှိသဖြင့် ပညပေးဗဟုသုတဖြစ်ဖွယ် သရုပ်ဖော်ပုံများ မြောက်မြားစွာကိုလည်း ရေးဆွဲခဲ့ရပါသည်။
၁၉၈၃ ခုနှစ်တွင်ပင် ရတာမွန်မဂ္ဂဇင်းနှင့် ရတနာ့တံခွန်မဂ္ဂဇင်းများ၏ အယ်ဒီတာချုပ်ဖြစ်သော ဆရာဦးထွန်းလွင်၏ ပန်ကြားချက်အရ ရတနာမွန်မဂ္ဂဇင်းတွင် စတင်ရေးဆွဲခဲ့သည်။
မြတ်ဆုမွန်ဘာသာရေးမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးအောင်မွန်၏ဖိတ်ခေါ်ချက်ကြောင့် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ မြတ်ဆုမွန်တွင် ပန်းချီသရုပ်ဖော်ပုံများ ရေးဆွဲပေးခဲ့ရသည်။ ရုပ်စုံ (၁၁) အုပ်တွဲကို ပန်းချီဆရာကျော်ဖြူစံနှင့်တွဲ၍ ရေးခဲ့သေးသည်။ ဆရာကြီးဦးစန်းလှိုင်အား အပ်သည့်အထဲတွင် စာအုပ်စာစောင် မျက်နှာဖုံးများသာမက ကက်ဆက်တရားခွေအဖုံး (cover) များကိုပါ အပ်နှံသဖြင့် ရေးဆွဲပေးခဲ့ရသည်။
ဆရာကြီး၏အနုပညာလက်ရာများသည် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို မြန်မာဆန်ဆန်နှင့် အနုပညာ မြောက်အောင် ရေးဆွဲထားသည့် လက်ရာများဖြစ်သောကြောင့် မျိုးဆက်သစ်လူငယ်ကလေးများအတွက် ဗဟုသုတ ရရှိစေသလို အတုယူလိုက်နာပြီး လိမ္မာရေးခြားရှိစေနိုင်ခဲ့ပါသည်။
ဆရာ့လက်ရာများ အောင်မြင်ကျော်ကြားလာသည်နှင့်အမျှ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ စသဖြင့် စာနယ်ဇင်း အားလုံးလိုလိုတွင် သရုပ်ဖော်ပုံများ ရေးဆွဲလာခဲ့ရပါသည်။ လုပ်သားဂျာနယ်၊ ပြည်သူ့ကြယ်ဂျာနယ်၊ တရားရိပ်မြိုင် ပေဖူးလွှာမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ မဟေသီမဂ္ဂဇင်း စသည်တို့တွင် လက်မလည်အောင် ဆရာဦးစန်းလှိုင်၏ ပန်းချီလက်ရာများကို ဦးစားပေးဖော်ပြလေ့ရှိခဲ့ကြပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပညာပေးရေးဌာန (ပါတိစာနယ်ဇင်းဌာနကြီး) လမ်းစဉ်သတင်းဌာနခွဲတွင် ပန်းချီ (ပထမတန်း) အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ်ကလည်း လမ်းစဉ်သတင်း၊ ပါတီရေးရာ၊ အလုပ်သမား၊ လယ်သမားတံဆိပ်များ၊ လုပ်သားနှင့် တောင်သူလယ်သမားစာစောင်များ၊ ဆည်မြောင်းပုံများ၊ လမ်းစဉ်လူငယ်တံဆိပ်များ၊ တိုင်းပြည်ကိုယ်စားပြုတံဆိပ်များ၊ လွတ်လပ်ရေးနှင့်ဆိုင်သော တံဆိပ်များ စသည်တို့ကို ရေးဆွဲပေးခဲ့ရပါသည်။
ဂုဏ်ယူဖွယ်ရာအကောင်းဆုံးမှာ ‘ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ’ ပုံစံဒီဇိုင်းကို ရေးဆွဲပေးခဲ့ရခြင်းပင် ဖြစ်ပါသည်။
စာပေကိုလည်း ဝါသနာပါသူဖြစ်သောကြောင့် ထိုစဉ်က ‘အာဇာနည်မော်ကွန်း’ ဟူသော ဆောင်းပါးလည်း ရေးသားခဲ့ပါသည်။
ကြော်ငြာများနှင့် မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် သရုပ်ဖော်ပုံများကို လက်မလည်အောင် ရေးဆွဲနေရသည့် ကြားထဲမှပင် ‘ပန်းချီစန်းလှိုင်’ အမည်နှင့် ရုပ်ပြများစွာကိုလည်း ရေးဆွဲခဲ့ပါသေးသည်။ ဆရာကြီးသည် line drawing သာမက ink drawing (မှင်ခြစ်လက်ရာ) များပါ ကျွမ်းကျင်ပိုင်နိုင်သည့်အပြင် Anatomy ကိုလည်း နိုင်နင်းသူ ဖြစ်သောကြောင့် ဆရာရေးဆွဲသောရုပ်ပုံများမှာ သဘာဝကျပြီး အသက်ဝင်နေကြပါသည်။ Line drawing နှင့် ink drawing ကို ပေါင်းစပ်ဖန်တီးထားသည့်ရုပ်ပြများတွင် ဆရာကြီး၏ ကိုယ်ပိုင်ဟန်ကိုလည်း တွေ့မြင်နေရပါသည်။
တော်လှန်ရေးရဲဘော်ဟောင်းတစ်ဦးဖြစ်သည့် ပန်းချီဆရာကြီး ဦးစန်းလှိုင်သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူရေးဆွဲရာတွင် ကိုယ်တတ်ကျွမ်းသည့်အနုပညာနှင့် ဗိုလ်ချုပ်ကိုလေးစားချစ်ခင်သည့် စိတ်ဓာတ်ပေါင်းစပ်ကာ ဖန်တီးရေးဆွဲခဲ့သောကြောင့် ၁၉၅၂ ခု၊ ဖေဖော်ဝါရီလ (၁၃) ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ပြပွဲကြီးတွင် ဗိုလ်ချုပ်ပုံတူဖြင့် ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့သလို ၁၉၈၈ ခုနှစ်၊ ဇူလိုင်လထုတ် လုပ်သားဂျာနယ်၏ မျက်နှာဖုံးတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောနေပုံ ရေးဆွဲထားသည်မှာလည်း ပီပြင်လှပါသည်။ Background တွင် လွင့်မျောနေသည့် တိမ်လိပ်များနှင့် လေအဝှေ့တွင် လှုပ်ရှားနေသည့် သစ်ရွက် သစ်ခွက်များကို ထည့်သွင်းစုတ်ချက်သထားသောကြောင့် လူထုကြားထဲတွင် မိန့်ခွန်းပြောနေသည့် ဗိုလ်ချုပ်ဟန်မှာ ပိုမိုသက်ဝင်လှုပ်ရှားသွားပြီး ပန်းချီမြတ်နိုးသူများကို ဟောပြောပွဲရှိရာ ကွင်းပြင်သို့ အရောက်ခေါ်သွားနိုင်ခဲ့ပါသည်။
ဇိနတ္ထ ပကာသနီကျမ်းကို ရေးဆွဲပေးရာတွင်လည်း main subject ဖြစ်သည့် ဗုဒ္ဓပုံများကို ကြည်ညိုဖွယ်ရာကောင်းအောင် ရေးဆွဲနိုင်ခဲ့သလို ဇာတ်တော်အရ ထည့်သွင်းရသည့်အဖြည့်ပုံများကိုလည်း တစ်ဦးချင်းစီ၏ character မိအောင် အသေးစိတ်စုတ်ချက်သွင်း ရေးဆွဲထားသည်ကို တွေ့ရပါသည်။
Colour ပေးထားသည့်ပုံများတွင် colour composition , Tour composition နှင့် Lighting များကို စနစ်တကျသုံး၍ သဘာဝကျအောင် ဖန်တီးရေးဆွဲထားခဲ့သလို အဖြူ၊ အမည်းသားပေးထားသည့် စာမျက်နှာမှပုံများကို ရေးဆွဲရာတွင်လည်း မခိုမကပ်ဘဲ အသေးစိတ်ပီပြင်အောင် စေတနာအပြည့်ဖြင့် ဖော်ကျူးရေးဆွဲထားခဲ့ပါသည်။
Copyright
All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.
Quick Links
- Home
- Artworks
- Biography
- Achievements & Awards
- Exhibition
- Artist Outlooks
- Media
Contact Us
No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.
anawrahtaartgallery@gmail.com
+95 9 5400345, +95 9 5566633