အနုပညာရှင် ဦးစန်းလှိုင်နှင့် အယ်ဒီတာ ဒေါ်ခင်သန်းဖြူနှင့် တွေ့ဆုံမေးမြန်းခန်း

ဆရာကြီးဦးစန်းလှိုင်အကြောင်းရေးသားလျှင် သက်ရှိထင်ရှားရှိနေသေးသော ဆရာကြီးနှင့်တွေ့ဆုံရန် လိုအပ်သဖြင့် ကိုမျိုးသော်၏ စီစဉ်ပေးချက်အရ သူ့ရုံးခန်း၌ပင် ဆရာကြီးဦးစန်းလှိုင်နှင့် ဆုံတွေ့ဖြစ်ခဲ့ပါသည်။ ဆရာကြီးအား လူကိုယ်တိုင် ပထမဆုံး တွေ့ဆုံဖူးခြင်းလည်း ဖြစ်ပါသည်။

ဆရာကြီးသည် အသားညိုညို ပိန်ပိန်ပါးပါးဖြစ်ပြီး ကျန်းမာရေးကောင်းသူဖြစ်မှန်းလည်း သိသာလှပါသည်။ ထူးခြားသည်မှာ ဆရာကြီး၏ ကြီးမားကျယ်ပြန့်ကားသည့် နားရွက်များပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဉာဏ်ပညာထက်မြက်ကာ ယခုအရွယ်အထိ မှတ်ဉာဏ်ကောင်းနေဆဲ၊ ပန်းချီကားတွေ ဖန်တီးရေးဆွဲနေနိုင်ဆဲဟု ဆိုနိုင်ပါသည်။ အခန်းထဲဝင်လာပုံမှာလည်း သွက်သွက်လက်လက်နှင့် ပေါ့ပေါ့ပါးပါး ရှိလှပါသည်။

ကိုမျိုးသော် မိတ်ဆက်ပေး၍ စကားပြောမိကြသည့်အခါတွင်တော့ ဆရာကြီးအား ပိုမိုလေးစားသွားမိသည်။ အတိတ်ကာလ ကလေးဘဝမှအကြောင်းများပြောရာတွင်လည်း လုံးဝစဉ်းစားတွေဝေခြင်းမရှိဘဲ တောက်လျှောက် မမောတမ်းပြောသွားနိုင်သည်ကိုလည်း အံ့ဩမိရပါတော့သည်။

စကားစလျှင်စချင်း ဆရာကြီးက သူ့ခံယူချက်နှင့် ဒဿနများ အစပျိုးပြောကြားလာပါသည်။ လူတွေမှာ ခံယူချက်၊ ဦးတည်ချက်က အရေးကြီးတယ်။ ခံယူချက်တွေ၊ ဦးတည်ချက်တွေမရှိရင် အမြင်မှား၊ အသိမှား၊ အလုပ်မှားတာတွေ ဖြစ်ကုန်ရော။ ကျွန်တော်က လူမှန်းသိတတ်ကတည်းက အခုအချိန်အထိ အကျိုးရှိရာရှိကြောင်းတွေပဲ လိုက်နာကျင့်သုံးခဲ့တယ်။ ဘဝတစ်ခုလုံး လျှောက်လှမ်းရတာ ချောမွေ့ခြင်းမရှိခဲ့ပါဘူး။ ဘဝမှာ အလင်း၊ အမှောင်၊ အတု၊ အစစ်၊ အမှား၊ အမှန်တွေ ခွဲခြားပြီး တရားရှာကျင့်သုံးနိုင်မှ ပေးဆပ်ခြင်းပဲ။

ကျောင်းသားဘဝကတည်းက ဒီလိုပေးဆပ်ခြင်းတွေနဲ့ နေခဲ့တာ။ မူလတန်းကျောင်းသားဘဝကတည်းက ပန်းချီကိုဝါသနာပါခဲ့ပေမယ့် ပန်းချီရေးစရာ စာရွက်တွေ ဘာတွေ မရှိခဲ့ဘူး။ ကျောင်းစာအုပ်တွေမှာလည်း ရေးလို့မရ၊ ကိုယ်ကလည်း ပန်းချီကို အရမ်းရေးချင်တော့ မြေကြီးတွေပေါ်မှာ၊ အိမ်နံရံတွေ၊ သစ်သားကြမ်းခင်းတွေမှာ ရေးခဲ့ရတယ်။ မုန့်ဖိုးဆိုလည်း မိဘတွေကဆင်းရဲတာ့ မိဘဆီက လက်ဖြန့်မခံဘဲ ကိုယ့်ဘာသာကိုယ် ရှာခဲ့တယ်။ ပုံဆွဲ တော်တော့ ပထဝီတို့ ဘာတို့လို ဘာသာရပ်တွေမှာဆိုရင် ပုံမဆွဲတတ်တဲ့ တခြားကျောင်းသားတွေရဲ့စာအုပ်တွေမှာ ပုံဆွဲပေးပြီး ပုံဆွဲပေးလို့ရတဲ့ပိုက်ဆံကို မုန့်ဖိုးသုံးရတယ်။

အတန်းနည်းနည်းကြီးလာတော့ နေ့လယ်ဘက်မှာ ကျောင်းတက်ပြီး ညအချိန်မှာ ကူလီထမ်းပြီး ပိုက်ဆံရှာခဲ့ရတယ်။ တစ်ခါထမ်းရင် ထမ်းခ ငွေတစ်ပဲနဲ့ ခြောက်ပြားရတယ်။

မိဘဆရာသမားတွေဆို အခုအချိန်အထိ ကျေးဇူးရှင်တွေလိုပဲ သတ်မှတ်ထားတယ်။ မိဘကို ဘယ်တော့မှ လည်း စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဘူး။ ကူညီပေးချင်စိတ်ပဲ ရှိခဲ့တယ်။ မိဘတွေက ဆင်းရဲတော့ သနားတယ်။ ကိုယ့်အတွက် ဒုက္ခမပေးချင်ဘူး။ ဒီဆင်းရဲမှုထဲကလွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲလို့လည်း အမြဲ တွေးခဲ့တယ်။ ကိုယ့်ကိုမွေးလာတဲ့အချိန်ကလည်း ဝံသာနုစိတ်ဓာတ်ဖြစ်နေချိန်လေ။

ပန်းချီအပြင် စာဖတ်တာလည်းဝါသနာပါတော့ စာကြည့်တိုက်ကို ရတဲ့အချိန်လေးမှာ သွားသွားဖတ်ရသေး တယ်။ ဒီးဒုတ်ဂျာနယ်တို့ဘာတို့လို တက်လမ်းဖြစ်တဲ့စာအုပ်တွေ ရှာဖတ်တာပေါ့။ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေ ဖတ်ခွင့်ရအောင်လည်း စာကြည့်တိုက်ကလူတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းရတယ်။ တစ်ခါတလေကျတော့ လည်း အလေးတွေ ဘာတွေ သွားမ လိုက်သေးတယ်။ ‘တော်ဘုရားကြီး’ တို့နဲ့လည်း အတူကစားဖူးတယ်။ ကျန်းမာရေးက အရေးကြီးတယ်။ ငယ်ငယ်ကတည်းက အသောက်အစားမရှိခဲ့ဘဲ ကျန်းမာရေးလိုက်စားခဲ့လို့ အခုလို အသက် ၉၀ ကျော်တဲ့အထိ ဒီလိုနေနိုင်တယ်လို့ ပြောရမှာပဲ။

မိဘတွေက ဆင်းရဲတော့ ခုနစ်တန်းအောင်တဲ့အချိန်မှာ ကျောင်းဆက်မထားနိုင်တော့ဘူး။ ဒါနဲ့ ဆရာမှတ် ဆီမှာ ပန်းချီပညာသွားသင်တယ်။ ဆရာမှတ်ဆိုတာ ကျွန်တော်တို့ ဖျာပုံမှာ အလှူမဏ္ဍာပ်တွေ၊ ဘုန်းကြီးပျံပွဲတွေမှာ မြန်မာပန်းချီရေးရာမှာ နာမည်ကြီးတယ်။ အရင်က ဆရာကြီးတွေဆီကနေ ပညာဆည်းပူးချင်ရင် တပည့်ခံပြီး ဆရာ့ကို လုပ်ကျွေးပြုစုရတယ်။ ရေနွေးတည်၊ ထမင်းဟင်းချက် စတာတွေကအစ တစ်နေ့လုံး လိုလေသေးမရှိ အကုန်လုပ်ပေး ရတယ်။ ဆရာကိုလည်း ရိုသေးလေးစားရတယ်။

ဆရာ့ဆီကပညာနဲ့ အစုံရေးနိုင်လာတယ်။ Portrait တွေလည်း ရေးရတယ်။ မှတ်မှတ်ရရ ဟစ်တလာပုံတွေ ရေးပြီး အင်္ဂလိပ်ဆီကနေ ပိုက်ဆံတွေရဖူးတယ်။ နောက် အခေါင်းလည်းရေးပေးဖူးတယ်။ မြန်မာပြည်မှာ လေယာဉ်ဝယ်စီးတဲ့သူတစ်ယောက်တည်း ရှိခဲ့ဖူးတယ်။ ‘ဦးအုန်းခင်’ တဲ့။ ငါးပိထမ်းရောင်းရတဲ့ဘဝကနေ ကြိုးစားပြီး လေယာဉ်ဝယ်စီးနိုင်တဲ့အထိ ချမ်းသာသွားတာ။ သူ့မိန်းမက မတင်အုန်းတဲ့။ မိန်းမကိုလည်း အရမ်းချစ်တယ်။ ဘယ်လောက်အထိ ချစ်လဲဆိုရင် မိန်းမဆုံးသွားတော့ သူ့အတွက် အခေါင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါဆို ပြီး လာအပ်တယ်။ လာအပ်တော့ ပန်းချီရေးခ ကျပ်သုံးထောင်တောင်းလိုက်တယ်။ သူက မများဘူးလားတဲ့။ ဒါပဲပြော တယ်။ မများဘူးဆိုတော့ သုံးထောင်ပေးတယ်။ သူက သူဌေးမို့ တမင်တောင်းလိုက်တာ။ မရှိဆင်းရဲတဲ့သူတွေဆိုရင် တော့ ပရဟိတလုပ်ပေးလိုက်တာပဲ။

ဝံသာနုခေတ်မှာတော့ ကဒေါင်းလေးတွေလည်းရေးရတယ်။ ပြည်သူလူထုအရေးမှာ ပါဝင်လှုပ်ရှားတာပေါ့။

အသက် ၁၀ နှစ်သား သာသာလောက်မှာ တစ်ဝမ်းကွဲအစ်ကိုက ပန်းချီဝါသနာဗီဇပါတာသိလို့ ရန်ကုန်ကို ခေါ်သွားပြီး ဗြိတိသျှဘားမားရုပ်ရှင်က ဦးဘထွန်း၊ အေဝမ်းဒါရိုက်တာ ဦးအောင်ဇံတို့နဲ့ ဆက်သွယ်ပေးတယ်။ အဲဒီမှာ ရုပ်ရှင်ကြော်ငြာပိုစတာတွေရေးရတယ်။ သင်ရင်းနဲ့ ရေးရတာပေါ့။

ရုပ်ရှင်ကုမ္ပဏီတွေမှာ ဝင်ဆံ့နိုင်အောင် လုပ်ပေးလို့ ရုပ်ရှင်မင်းသား မောင်မောင်အေး၊ ဗြိတိသျှဘားမား ဒါရိုက်တာ ဦးဘထွန်း၊ အေဝမ်းဒါရိုက်တာ ဦးအောင်ဇံတို့အကူအညီနဲ့ ရုပ်ရှင်လောကမှာ ပိုစတာတွေ ဘာတွေ ရေးနိုင်ခဲ့ တယ်။ သူတို့က ဖျာပုံသားတွေဆိုတော့ တစ်မြို့တည်းသားအချင်းချင်း အကူအညီပေးတာပေါ့။ ရုပ်ရှင်လောကမှာ အလုပ်လုပ်ရင်း လူကြမ်းမင်းသမီး ဒေါ်သိန်းရင်တို့၊ လူရွှင်တော် ဦးသိန်းမောင်တို့နဲ့လည်း ခင်မင်ရင်းနှီးခဲ့တယ်။

အဲဒီလိုနေရင်း ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတော့ ဖျာပုံကိုပြန်လာခဲ့ရတယ်။ ဒီအချိန်မှာ မျိုးချစ်စိတ်က ပြင်းထန်လာတယ်။ ကိုယ့်နိုင်ငံအတွက် လက်နက်ကိုင်တိုက်ခိုက်ဖို့ လိုအပ်လာပြီ။ ဒီတော့ စုတ်တံကိုချပြီး စစ်ထဲ ဝင်လိုက်တော့တယ်။

ကျွန်တော်တို့ စစ်တပ်ထဲဝင်တုန်းက တော်လှန်ရေးလုပ်ဖို့ပဲ။ ကိုယ့်နိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူကို တိုက်ထုတ်ဖို့ဆိုတာ ဦးတည်ချက်ပဲ။ ဘာမှ အကျိုးအမြတ် မျှော်လင့်တာတွေ မပါဘူး။ ကျူးကျော်လာတဲ့ ရန်သူတွေကို တော်လှန်မယ်ဆိုတဲ့ ဦးတည်ချက်ကြောင့် တိုက်ပွဲဝင်ရတဲ့အခါတွေမှာ နေ့၊ ည အိပ်ချိန်မရှိဘဲ ပင်ပန်းတာ တွေ၊ ထမင်းနပ်မမှန်တာတွေ စတာတွေကိုလည်း ဘာကိုမှ မမှုခဲ့ဘူး၊ အဲဒီအချိန်မှာ ပေးဆပ်ခြင်းပဲ။ ဦးတည်ချက်က ပေးဆပ်ခြင်းပဲ။

တစ်ခါတလေကျတော့လည်း အခက်အခဲတွေ့တာတွေ ရှိတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာတရား မှာ ယဉ်ကျေးမှုနဲ့ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်တွေ ရှိတယ်။ ဒါပေမဲ့ တစ်ခါတလေ မလိုက်နာနိုင်တာမျိုး တွေပေါ့။ ကျိုက္ကလို့ဘုရားပေါ်တက်ပြီး ရန်သူကို ရှာဖွေတုန်းကဆိုရင် ဘုရားပေါ် ဖိနပ်စီးတက်ရမှာ။ ဗုဒ္ဓဘာသာဆို တော့ စိတ်က မတက်ရဲဘူး။ မိရိုးဖလာကျင့်သုံးလာတဲ့ စည်းကမ်းလေ။ ဒါပေမဲ့ အရေးပေါ်ဆိုတော့ လုပ်ရတာပဲ။ ဒါမျိုး အခက်အခဲလေးတွေတော့ ရှိတယ်။

ဘာပဲဖြစ်ဖြစ် ကျူးကျော်လာတဲ့ရန်သူတွေကို တော်လှန်မယ်ဆိုတဲ့ ဦးတည်ချက်ကြောင့် ဘာကိုမှမမှုခဲ့ဘူး။ ကိုယ်တိုင်က မျိုးချစ်စိတ်ဓာတ်ပြင်းထန်လို့ ဗမာ့ကာကွယ်ရေးတပ်မတော်ထဲ ဝင်ခဲ့တာပဲ။ ဒီလို မျိုးချစ်စိတ်ဓာတ်နဲ့ နယ်ချဲ့ရန်သူကို တိုက်ထုတ်ရာမှာပါဝင်ခဲ့တဲ့အတွက် လွတ်လပ်ရေးရတဲ့အချိန်ကျတော့ ဒီကြိုးပမ်းမှုအတွက် ‘မော်ကွန်းဝင် ဒုတိယအဆင့်’ အဖြစ် အမှတ်စဉ် (၄၅၂) နဲ့ မှတ်တမ်းတင်ခံခဲ့ရပြီး သမ္မတကြီးကိုယ်တိုင် ဂုဏ်ပြုဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ရခိုင်ပြည်မှာ ၁၉၄၂ ခုနှစ်လောက်က တော်လှန်ရေးစလုပ်တော့ ဦးပညာသီဟနဲ့ ဦးစိန္တာဆိုတဲ့ ဘုန်းတော်ကြီး တွေလည်း ပါတယ်။ ဦးစိန္တာက ကွန်မြူနစ်ပါတီက၊ ကိုယ်ကလည်း ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားစိတ်ရှိသလို မာ့စ်ဝါဒကိုလည်း သဘောကျတော့ တွဲမိသွားတယ်။ လူဆိုတာက တူရာ တူရာ စုမိကြတာပဲလေ။ ဘာပဲဖြစ်ဖြစ် အားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အဲဒီအချိန်က လွတ်လပ်ရေးရဖို့ပဲပေါ့။

လွတ်လပ်ရေးရတော့ ရန်ကုန်ပြန်တက်လာပြီး တိုက်ပျက်တစ်ခုကို ပြုပြင်ပြီးနေတယ်။ အဲဒီမှာ ပန်းချီကို နေ့ရောညပါ ရေးတော့တာပဲ။ ညဘက် မီးမရှိတော့ ဖယောင်းတိုင်ထွန်း ရေးတယ်။ ရေနံဆီမီးခွက်ထွန်းရေးတယ်။ အစုံရေးတာပဲ။ ဆိုင်းဘုတ်တွေ၊ ကြော်ငြာဒီဇိုင်းတွေ၊ ပိုစတာတွေ အစုံရေးတယ်။ တဖြည်းဖြည်းနဲ့ ပိုက်ဆံစုပြီး တိုက်ခန်းဝယ်နိုင်လာတယ်။ သုခုမ ဒေါ်နန်းရဲ့တိုက်ခန်းပေါ့။ သူ့ဆီက ဝယ်တာတော့ မဟုတ်ဘူး။ ကုလားတစ်ယောက် ဆီက တစ်ဆင့်ပြန်ဝယ်တာ။

အဲဒီအချိန်က စီးပွားရေးကြော်ငြာတစ်ခုကို ငါးကျပ်၊ တစ်ဆယ်ကနေ တစ်ရာ၊ နှစ်ရာအထိ ရတယ်။ စက်မှု လက်မှုပြပွဲနဲ့ကြုံတော့ စီးကရက်ကုမ္ပဏီတွေဆို ကျွန်တော့လက်ထဲမှာပဲ။ ဘယ်လောက်အောင်မြင်လဲဆိုရင် ကားဝယ် ပေးမယ်ပြောတဲ့လူတောင် ရှိတယ်။ ကျွန်တော်က ကားစီးဖို့မလိုဘူးလို့။ မရှိတဲ့လူတွေ ပံ့ပိုးပေးပါလို့ ပြောရတယ်။ နေ့၊ ည ပန်းချီရေးနေရတာ ကားစီးဖို့လည်း မလိုဘူးလေ။

ပန်းချီဆရာကြး ဦးခင်အုန်းဆီမှာလည်း ပန်းချီရေးတယ်။ ပန်းချီပညာ သင်ယူခဲ့တယ်။ နောက်တော့ ဆရာဦးငွေကိုင်နဲ့ ဆရာ ဦးလှမောင်ကြီးတို့ထံမှာ ဆက်သင်ပြီး ပညာတွေ အများကြီးရခဲ့တယ်။ ဆရာ ဦးငွေကိုင် Outdoor ထွက်ရင်လည်း လိုက်လေ့လာတာပဲ။ ဆရာက ဘာသာရေးလေ့လာလိုက်စားသူဖြစ်ပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ ကားတွေရေးတော့ ကျွန်တော်လည်း ဘာသာရေးနဲ့ဆိုင်တဲ့ ဗုဒ္ဓဝင်ကားတွေ ရေးဆွဲနိုင်ခဲ့တယ်။

ပြောရဦးမယ်။ ပန်းချီပညာအပြင် အကတွေလည်း ဝါသနာပါခဲ့တယ်။ ဖျာပုံမှာနေတုန်းက ‘ဖျာပုံရာမ’ အက ကခဲ့ဖူးတယ်။ အဲဒီမှာ ရာမခေါင်းဆောင်းတွေ ဘာတွေကိုလည်း ကိုယ်တိုင် ဆေးခြယ်ပေးခဲ့တယ်။

ဒါပေမဲ့ ပန်းချီလောက်တော့ မလုပ်ဖြစ်ခဲ့ဘူး။ ပန်းချီကတော့ ငယ်ငယ်တုန်းကလည်း ဆွဲတယ်။ အခု အသက် ၉၀ ကျော်တဲ့အထိလည်း ဆွဲနေတုန်းပဲ။ Subject ကတော့ အစုံဆွဲခဲ့တာပဲ။ ဗုဒ္ဓဝင်တွေ၊ ရှုခင်းတွေ၊ ပါတော်မူကားတို့ ဘာတို့လည်း ရေးခဲ့တာပဲ။

အစုံရေးခဲ့ပေမယ့် ပြည်သူတွေကို ရှေ့ဆောင်လမ်းပြဖြစ်မယ့်၊ ပြည်သူတွေအကျိုးရှိမယ့် ကားမျိုးတွေကို ဦးစားပေးရေးခင်တယ်။ အနုပညာဆိုတာ တစ်ဦးတစ်ယောက်အတွက်ပဲ မဟုတ်ဘူးလေ။ အများအတွက် ဖြစ်ရမယ်။

ကျွန်တော်က အနုပညာကို လေးစားမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ ဒါကြောင့် လူငယ်တွေကိုပြောချင်တာ က –

‘အနုပညာအလုပ်ကို လုပ်မယ်။ အနုပညာအလုပ်နဲ့ အသက်မွေးမယ်ဆိုရင် အနုပညာကို လေးစားမြတ်နိုးပြီး တန်ဖိုးထားပါ။ နောက်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယလည်း ရှိကြပါ’ လို့။

Copyright

All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.

Quick Links

  • Home
  • Artworks
  • Biography
  • Achievements & Awards
  • Exhibition
  • Artist Outlooks
  • Media

Contact Us

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.

anawrahtaartgallery@gmail.com

+95 9 5400345, +95 9 5566633