ဆရာကြီးဦးစန်းလှိုင်၏မြေး ကိုမျိုးသော်နှင့် တွေ့ဆုံဆွေးနွေးခြင်း

ဆရာကြီးမြေး ကိုမျိုးသော်၏ အစီအစဉ်များထဲတွင် အဖိုး၏အတ္တုပတ္တိအတွက် စာအုပ်ထုတ်ပေးရုံသာမက Strand Hotel တွင် အဖိုးအတွက် ပန်းချီပြပွဲကြီးကို ခမ်းနားစွာကျင်းပပြီး ပြပွဲလာပရိသတ်များအား အဖိုးစာအုပ်ကို လက်ဆောင်ပေးမည့်အစီအစဉ်လည်း ပါသောကြောင့် ထိုသို့လုပ်ပေးရခြင်းအကြောင်းနှင့်ပတ်သက်ပြီး ကိုမျိုးသော်၏ ရုံးခန်း၌ တွေ့ဆုံဆွေးတွေး မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - ကိုမျိုးသော် အဖိုးရဲ့ပန်းချီနဲ့ပတ်သက်ပြီး ဘယ်အသက်အရွယ်လောက်ကစပြီး သတိထားမိပါသလဲ။
ဖြေ – ကျွန်တော် (၂) တန်း ကျောင်းသားအရွယ်လောက် (၈) နှစ်သားလောက်ကစပြီး အဖိုး ပန်းချီ တွေကို သတိထားမိပါတယ်။ အဖိုးပန်းချီရေးရင်လည်း သွားသွားကြည့်ပါတယ်။
မေး - အဲဒီတုန်းက ကိုမျိုးသော်ရော ပန်းချီရေးချင်စိတ် မဖြစ်မိဘူးလား။
ဖြေ – ကျွန်တော် အဖိုးကို အားကျတယ်၊ အဖိုးလိုလည်း ပန်းချီရေးချင်လို့ နွေရာသီကျောင်းပိတ်ရက် တွေမှာ ပန်းချီသင်ပေးဖို့ အဖိုးကိုပူဆာဖူးတယ်၊ ဒါပေမဲ့ အဖိုးက ပန်းချီရေးရင် ဆင်းရဲမှာတဲ့၊ ကျွန်တော့်ကို ပညာတတ် ကြီးပဲ ဖြစ်စေချင်တယ်ဆိုပြီး အကျိုးရှိတဲ့စာအုပ်တွေ ဖတ်ခိုင်းသလို၊ တခြား သင်တန်းတွေပဲ တက်ခိုင်းတယ်၊ ပန်းချီ မသင်ပေးဘူး။
မေး - ကိုမျိုးသော်က ပန်းချီဆရာကြီး ဦးစန်းလှိုင်ရဲ့မြေးဖြစ်သလို တစ်ချိန်က နာမည်ကျော် ကဗျာ ဆရာကြီး မြေချစ်သူရဲ့သားလည်းဖြစ်တော့ ကဗျာကိုရော ဝါသနာပါခဲ့လား။ ဘယ်အရွယ်မှာ ကဗျာတွေ ခံစားနိုင်ခဲ့လဲ။
ဖြေ – ကဗျာတွေကို စတင်ခံစားလို့ရတာကတော့ (၅) တန်း (၆) တန်း အရွယ်လောက်မှာပါ။
အဖေ့ကဗျာတွေကို သဘောကျပြီး ကိုယ့်ဘာသာကိုယ် မဂ္ဂဇင်းလေးလုပ်ဖူးတယ်။ တနင်္ဂနွေနေ့တွေမှာလည်း ကဗျာလေးတွေ ရေးဖြစ်တယ်၊ ကျွန်တော် အ.ထ.က (၅) ဗိုလ်တထောင်မှာတက်ရင်း ကျောင်းထဲမှာ ကဗျာစာအုပ် (၃) အုပ် ထုတ်ခဲ့ဖူးတယ်။ ကဗျာကို ဘယ်လောက်ထိ စိတ်ဝင်စားခဲ့လဲဆိုရင် အမေသိသွားပြီး အိမ်ပေါ်က နှင်ချခံခဲ့ရတဲ့ အထိ လုပ်ခဲ့တယ်။
မေး - အမေက အနုပညာ စိတ်မဝင်စားဘူးလား။
ဖြေ – အမေက အနုပညာကို စိတ်ဝင်စားပါတယ်။ သိပ္ပံမဂ္ဂဇင်းတို့၊ ဘာတို့မှာ ဆောင်းပါးတွေ ရေးခဲ့ ဖူးတယ်။ ကျွန်တော့်ကို အားမပေးတာက ကျောင်းစာဘက်မှာ လျော့မှာစိုးလို့ပါ။
မေး - ဒါဆို ကိုမျိုးသော်က Art နဲ့ပတ်သက်ပြီး အဆင့်ဆင့် generation ရှိတာပေါ့။
ဖြေ – ဟုတ်ကဲ့ ရှိပါတယ်။ အဖိုးရဲ့သား ကျွန်တော့်ဉီးလေး ဉီးနေအောင်ဆိုရင် အဖိုးရဲ့ခြေရာ တစ်ထပ်တည်းနီးပါး ပန်းချီရေးနိုင်တယ်။
မေး - အဖိုးလက်ရာတွေကို ထိန်းသိမ်းဖို့ရော ဘယ်အချိန်လောက်ကတည်းက အတွေးရှိခဲ့တာလဲ။
ဖြေ – အဖိုးရဲ့လက်ရာတွေကို ကျွန်တော် သိပ်သဘောကျတယ်။ Illustration တွေရော၊ ပန်းချီတွေ ရောပေါ့။ အဖိုးက ဒါနဲ့ပဲ အသက်မွေးတာဆိုတော့ ရောင်းလိုက်ရရင် ကျွန်တော် သိပ်နှမြောတာပဲ။ ပန်းချီဆရာကြီး ဦးစောလှိုင် ဝယ်သွားတုန်းကဆိုရင် လက်ကျန်မရှိသလောက်ပဲ။ ကျွန်တော် (၁၀) တန်း ဖြေပြီး လူကြီးစိတ်ဝင်လာပြီး သိတတ်တဲ့အချိန်ကတည်းကစပြိး ငါ့အဖိုးရဲ့ အနုပညာအမွေအနှစ်တွေ ငါသိမ်းထားမယ်ဆိုတဲ့ Goal ရှိခဲ့တယ်။ Mission လည်း ရှိခဲ့ပါတယ်။ ကျွန်တော် အလုပ်ကိုကြိုးစားပမ်းစားလုပ်ခဲ့တာလည်း အဖိုးကို ပန်းချီရေးဆွဲနိုင်အောင် ဆေးတွေ၊ စုတ်တွေ အကောင်းစားတွေ ဝယ်ပေးချင်လို့နဲ့ အဖိုးပန်းချီကားတွေ ထိန်းသိမ်းထားချင်လို့ပါပဲ။ အဖိုး လက်ရာတွေကို ကျွန်တော် ဂုဏ်ယူတယ်၊ အဖိုးက အရမ်းအနုစိပ်တယ်၊ လက်ချိုးဟန်တွေလည်း အရမ်းအချိုးကျတယ် လို့ ထင်ပါတယ်။
မေး - ဘယ်လိုကစပြီး အဖိုးကို ပန်းချီဆွဲဖို့ အားပေးခဲ့တာလဲ။
ဖြေ – အဖိုးကို ပန်းချီပစ္စည်းတွေ ကြိုက်သလောက်ဝယ်ပေးထားပြီး အဖိုး ဒီကား၊ ဒီကားမျိုးတွေ ဆွဲပေးပါဆိုပြီး ပြောရတာပေါ့။ အဖိုးကတော့ မိသားစုကိုညှာပြီး ရောင်းတမ်းဝင်တဲ့ကားတွေ ဆွဲချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်က အဖိုးကားတွေ မရောင်းတော့ဘူး၊ ကျွန်တော် အကုန်ထိန်းသိမ်းထားမှာဆိုတော့ သူ့စိတ်ထဲရှိတာတွေ ရေးတော့တာပဲ၊ တော်လှန်ရေး Subject တို့၊ အရေးတော်ပုံ Subject တို့၊ သူ့ဆန္ဒရှိတာတွေ ဆွဲတယ်။
မေး - အဖိုးက သူ့ကားတွေကို ကိုမျိုးသော် ထိန်းသိမ်းထားမယ်ဆိုတော့ ဘာပြောလဲ။
ဖြေ – အဖိုးကတော့ ဝမ်းသာတာပေါ့။ သူ့မိသားစုထဲက သူ့အမွေထိန်းသိမ်းပေးမယ်ဆိုတော့ ဂုဏ်လည်းယူတယ်။ ပန်းချီတွေလည်း အများကြီးရေးပေးပါတယ်။
မေး - ကိုမျိုးသော်ရဲ့အနုပညာကို ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး ကိုမျိုးသော်ကို Influence ဖြစ်စေတဲ့ အရာတွေ ရှိခဲ့လား။
ဖြေ – ကိုယ့် Generation ကိုယ် ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး ဉပမာပြရရင်တော့ Mitsubishi တို့၊ Jonny Walker တို့ စတဲ့ Brand တွေကို ပြရမှာပေါ့။ Jonny Walker ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) ကတည်းက လုပ်နေတာ၊ သူ့ Generation က ဒီ Brand ကို ထိန်းသိမ်းထားတာ ဒီနေ့အထိပဲ။ ကျွန်တော့်အဖိုးလက်ရာတွေကို ထိန်းသိမ်းပြီး ကမ္ဘာကသိအောင်လည်း ကျွန်တော် ပြချင်ပါတယ်။ ဒါကြောင့်လည်း အခု အဖိုးစာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးပေးဖို့ ဆရာမကို အပ်တာပါ။ စာအုပ်ကိုလည်း လက်ရာသန့်သန့်နဲ့ အကောင်းဆုံးဖြစ်အောင် ချုပ်မှာပါ။
မေး - ကိုမျိုးသော်ရဲ့ နောက်လာမယ့် Generation တွေကရော ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထင်ပါသလား။
ဖြေ – ဒါကတော့ ကျွန်တော် မပြောနိုင်ဘူးပေါ့ ဆရာမရယ်၊ သေချာတာကတော့ ကျွန်တော် အသက်ရှိနေသ၍ အဖိုးအနုပညာတွေကို ကျွန်တော် ထိန်းသိမ်းသွားမယ်ဆိုတာပါပဲ။
မေး - အခု စာအုပ်လည်း လုပ်ပေးဖြစ်တယ်၊ မကြာခင် Stand Hotel မှာလည်း အဖိုးအတွက် ပြပွဲကြီး လည်း ခမ်းခမ်းနားနား လုပ်ပေးနိုင်တော့မယ်ဆိုတော့ ကိုမျိုးသော်ရင်ထဲက ပီတိစကားလေး ပြောပါဉီး။
ဖြေ – ပီတိ တအားဖြစ်မိတာပေါ့ ဆရာမရယ်။ ငါ ငယ်ငယ်လေးကတည်းက ဖြစ်ချင်ခဲ့တဲ့ ၊ အဖိုးကို လုပ်ပေးချင်တဲ့ ဆန္ဒတစ်ခုကို အဖိုးရှိနေချိန် လုပ်ပေးနိုင်တယ်ဆိုတဲ့အသိက ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို ပီတိဖြစ်ရပါတယ်။

ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အပြင် ကျောင်း ပို့၊ ကျောင်းကြိုပါ အလုပ်မအားတဲ့ကြားက စိတ်ရှည်လက်ရှည် တာဝန်ယူပေးခဲ့တဲ့အဖိုးကို ကျေးဇူးပြန်ဆပ်လိုက်နိုင်သလို ခံစားရတာ ကြောင့်လည်း ပိုပြီး ပီတိဖြစ်ရပါတယ်။

Copyright

All right reserved. You may not copy, store, distribute, transmit, reproduce or otherwise make available this publication (or any part of it) in any form, or by any means (electronic, digital, optical, mechanical, photocopying, recording or otherwise), without the prior written permission of the publisher. Any person who does any authorized act in relation to this publication may be liable to criminal prosecution and civil claims for damages.

Quick Links

  • Home
  • Artworks
  • Biography
  • Achievements & Awards
  • Exhibition
  • Artist Outlooks
  • Media

Contact Us

No. 50, Thit Yar Pin Road, 23rd Ward, Thuwana VIP1, Thingangyun Township, Yangon.

anawrahtaartgallery@gmail.com

+95 9 5400345, +95 9 5566633